CNI International News

နီယာမေ၊ သြဂုတ် ၁၄

နိုက်ဂျာတွင် အာဏာသိမ်း ခေါင်းဆောင်များက သမ္မတကို အာဏာပြန်မအပ်ဘဲ စစ်ရေးခြိမ်းခြောက်မှုများကို ရင်ဆိုင်ခဲ့ရပြီးနောက် သီတင်းတစ်ပတ်အကြာတွင် နိုက်ဂျာစစ်ခေါင်းဆောင်များသည် အခြေအနေအရ အသာစီး ရနေသည်ဟု စစ်ရေးနှင့်နိုင်ငံရေး ကျွမ်းကျင်သူများက ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

နိုက်ဂျာကို စစ်ရေးအရ ကြားဝင်မည်ဟု ခြိမ်းခြောက်ခဲ့သည့် အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့ (ECOWAS) သည် လက်ရှိအချိန်အထိ စစ်ရေးခြိမ်းခြောက်မှုကို အကောင်အထည် မဖော်သေးသော်လည်း စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားသည့် တပ်ဖွဲ့များ ဖြန့်ကြက်ချထားမှုကို ကြေညာခဲ့သည်။ 

နိုက်ဂျီးရီးယား၊ ဘီနင်၊ ဆီနီဂေါနှင့် အိုင်ဗရီကို့စ် နိုင်ငံများကလည်း စစ်သားများ စေလွှတ်မည်ဟု ပြောကြားခဲ့သည်။

အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့ (ECOWAS)ကို တွေ့ရစဉ်

သို့သော် စစ်သားများကို မည်သည့်အချိန်တွင် မည်သည့်ပုံစံဖြင့် ဖြန့်ကြက်ချထားမည်ဆိုခြင်းကို ရှင်းလင်းစွာ မသိရသေးပေ။ 

ထိုသို့ လုပ်ဆောင်ရန် အချိန်ကာလအရ သီတင်းပတ်များစွာကြာ သို့မဟုတ် လပေါင်းများစွာ ကြာမြင့်နိုင်သည်။

"လက်ရှိ အခြေအနေအရတော့ နိုက်ဂျာ စစ်အာဏာသိမ်း ခေါင်းဆောင်တွေဟာ အသာစီးရနေပါတယ်။ နိုက်ဂျာ စစ်ခေါင်းဆောင်တွေဟာ အနိုင်ဖဲကို ကိုင်ထားပြီး သူတို့ရဲ့ အာဏာကို ပိုမိုတည်မြဲအောင် လုပ်ခဲ့ပါတယ်"ဟု Konrad Adenauer ဖောင်ဒေးရှင်းမှ ဆာဟယ်ဒေသဆိုင်ရာ အကြီးအကဲ အုလ်ဖ် လက်ဆင်း (Ulf Laessing) က ပြောကြားခဲ့သည်။

ECOWAS အနေနှင့် နိုက်ဂျာကို စစ်ရေးအရ ကြားဝင်စွက်ဖက်ခြင်းဖြင့် ပြည်တွင်းစစ် ဖြစ်ပွားစေမည့် အခြေအနေ ကို လိုလားဖွယ်မရှိကြောင်း ၎င်းက ပြောသည်။

ထို့ကြောင့် ECOWAS နှင့် အနောက်နိုင်ငံများသည် ကာလတို အာဏာလွှဲပြောင်းရေး အခြေအနေကို သဘောတူ စေရန် နိုက်ဂျာစစ်ခေါင်းဆောင်များကို ဖိအားပေး ပြောဆိုဖွယ်ရှိနေသည်။

 Konrad Adenauer ဖောင်ဒေးရှင်းမှ ဆာဟယ်ဒေသဆိုင်ရာ အကြီးအကဲ အုလ်ဖ် လက်ဆင်းကိုတွေ့ရစဉ်

ဥရောပနှင့် အမေရိကန်သည် ရွေးချယ်စရာ သိပ်မရှိဘဲ နိုက်ဂျာအာဏာသိမ်း အုပ်စုကို အသိအမှတ်ပြုခြင်းဖြင့် ဒေသတွင်း လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်ဖွယ်ရှိသည်ဟု လက်ဆင်းက ပြောသည်။

နိုက်ဂျာသည် ဆာဟယ် (Sahel)  ဒေသတွင် ဂျီဟတ်များကို တိုက်ခိုက်နေသည့် အနောက်နိုင်ငံများ၏ အဓိက မဟာမိတ်ဖြစ်နေသဖြင့် ဇူလိုင် ၂၆ ရက်က ဖြစ်ပွားခဲ့သည့် နိုက်ဂျာအာဏာသိမ်းမှုသည် အနောက်နိုင်ငံများ၏ အားထုတ်ကြိုးပမ်းမှုများကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။

ECOWAS သည် နိုက်ဂျာအရေးနှင့် ပတ်သက်ပြီး တပ်ဖွဲ့များ ဖြန့်ကြက်ချထားမှု အစီအစဉ်ကို ကြေညာခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် မည်သည့် အခြေအနေများ ဖြစ်ပွားလာမည်ဆိုခြင်းကို ရှင်းလင်းစွာ မသိရသေးပေ။

စစ်ရေးအရ ကြားဝင်မည့် ရွေးချယ်မှုသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ECOWAS ၏ အဖွဲ့ဝင် နိုင်ငံများ သာမက အာဖရိကသမဂ္ဂ (African Union) ၊ နိုင်ငံတကာ အသိုင်းအဝိုင်းတို့၏ သဘောဆန္ဒကိုလည်း လိုအပ် လိမ့်မည်ဟု မဟာဗျူဟာ လေ့လာရေး အာဖရိကစင်တာ (Africa Center for Strategic Studies) မှ တွဲဖက် ပါမောက္ခ နိတ်အလန် (Nate Allen) က ပြောကြားခဲ့သည်။

Source: အေပီ