CNI International News

ဘန်ကောက်၊ သြဂုတ် ၁၄

ထိုင်းတွင် အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးများ၏ ပါတီများကို ညွန့်ပေါင်းအစိုးရအဖွဲ့အတွင်း ထည့်သွင်းရန် ကြိုးပမ်း နေသည့် ဖြူးထိုင်းပါတီသည် လူထုကို သစ္စာဖောက်နေခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံရေးသမားများက  ထောက်ပြ ပြောလာခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ဖြူးထိုင်းပါတီက ဦးဆောင်ဖွဲ့စည်းမည့် ညွန့်ပေါင်းအစိုးရသည် လက်ရှိ အိမ်စောင့်အစိုးရအဖွဲ့နှင့် ကွဲပြားမှု ရှိလိမ့်မည် မဟုတ်ဘဲ ဖြူးထိုင်းပါတီကို အိမ်စောင့်အစိုးရအဖွဲ့အတွင်း ထည့်သွင်းသည့်ပုံစံမျိုး ဖြစ်နေသည်ဟု ထိုင်းနိုင်ငံရေးအကဲခတ်သူများက ပြောသည်။

ဖြူးထိုင်းပါတီသည် ၂၀၁၄ အာဏာသိမ်းမှုတွင် ပါဝင်ခဲ့သည့် စစ်ခေါင်းဆောင်များနှင့် အဆက်အသွယ်ရှိသည့် "ဦးလေးကြီး" ပါတီများနှင့် ပူးပေါင်းဆောင်ရွက်မည် မဟုတ်ဟု ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက် ရွေးကောက်ပွဲမတိုင်မီ ပြောကြားခဲ့သည်။

အဆိုပါ ဦးလေးကြီးဆိုသည့် အသုံးအနှုန်းသည် United Thai Nation (UNT) ပါတီ၏ အကြံပေးပုဂ္ဂိုလ်ဟောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ (Prayut Chan-o-cha) နှင့် Palang Pracharath (PPRP)ပါတီ ခေါင်းဆောင် ဒုတိယဝန်ကြီးချုပ် ပရာဝစ် ဝေါင်ဆူဝမ် (Prawit Wongsuwan) တို့ကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။

ရန်းစစ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ကထိက ဝန်ဝီချစ် ဘွန်းပရွန်းကိုတွေ့ရစဉ်

သတင်းရင်းမြစ် တစ်ခု၏ ပြောကြားချက်အရ ဖြူးထိုင်းပါတီသည် ၎င်းအဆိုတင်သွင်းမည့် ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းအတွက် ထောက်ခံမဲရရှိရန် PPRP နှင့် သဘောတူညီမှု ရရှိခဲ့ကြောင်း၊ အပြန်အလှန် အနေနှင့် PPRP ကို ညွန့်ပေါင်း အစိုးရအဖွဲ့အတွင်း နေရာအချို့ ပေးရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

မည်သို့ပင်ဆိုစေ UTN သည် ညွန့်ပေါင်းအစိုးရအဖွဲ့တွင် ပါဝင်မည် ဟုတ်/မဟုတ် အတည်မပြုသေးပေ။

UTN အနေနှင့် ညွန့်ပေါင်းအစိုးရတွင် ပါဝင်ရန် သဘောတူညီခဲ့မည်ဆိုပါက ဖြူးထိုင်းပါတီ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့သည် လွှတ်တော်အမတ်နေရာ ၃၁၅ နေရာအထိ တိုးမြှင့်ရရှိမည် ဖြစ်သည်။

 MFP ပါတီက လွှတ်တော် အမတ်ဖြစ်သူ ဝီရာ လက္ခဏာဆွန်းကို တွေ့ရစဉ်

မေလက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ဖြူးထိုင်းပါတီက နေရာ ၁၄၁ နေရာ၊ Bhumjaithai ပါတီက နေရာ ၇၁ နေရာ၊ PPRP ပါတီက နေရာ ၄၀၊ UTN ပါတီက ၃၆ နေရာ၊ Pheu Thai Ruam Palang ပါတီနှင့် Chartpattana kla ပါတီတို့က ၂ နေရာစီနှင့် Seri Ruam Thai ပါတီ၊ Thongthee Thai ပါတီ၊ Plung Sungkom Mai ပါတီနှင့် New Democracy ပါတီတို့က နေရာ ၁ နေရာစီ ရရှိခဲ့သည်။

ထိုပါတီများအနက် PPRP နှင့် UTN ပါတီတို့သည် ဖြူးထိုင်းပါတီ၏ ရန်ဘက်ဟောင်းများ ဖြစ်သည်ဟု ရန်းစစ် (Rangsit) တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ကထိက ဝန်ဝီချစ် ဘွန်းပရွန်း (Wanwichit Boonprong) က ပြောကြား ခဲ့သည်။

"ဖြူးထိုင်းပါတီအနေနဲ့ သူတို့ကို ထောက်ခံတဲ့လူတွေရဲ့ စိတ်ခံစားချက်ထက် ပါတီရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး အဲဒီပါတီနှစ်ခုနဲ့ လက်တွဲလိုက်မယ်ဆိုရင် လူတွေက ဖြူးထိုင်းအပေါ် သံသယတွေ ဝင်လာနိုင်ပါတယ်" ဟု ဝန်ဝီချစ်က ပြောသည်။

ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း အစိုးရဖွဲ့နိုင်ခဲ့ခြင်းမရှိသည့် Move Forward (MFP)ပါတီ၏ လွှတ်တော် အမတ်ဖြစ်သူ ဝီရာ လက္ခဏာဆွန်း (Wiroj Lakkhanaadisorn)ကလည်း ဖြူးထိုင်း၏ ညွန့်ပေါင်းအစိုးရအဖွဲ့ထဲ တွင် UTN နှင့် PPRP ပါတီများ ပါဝင်နေမည်ဆိုပါက ပြောင်းလဲမှုရှိမည် မဟုတ်ဘဲ အာဏာရှင်စနစ်ကို ထောက်ခံ သည့် ပါတီတစ်ခု တိုးလာရုံသာရှိသည်ဟု ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်