CNI International News

ဘန်ကောက်၊ မေလ ၁၅

စစ်တပ်နှင့်ပတ်သက်နေသော ပါတီများကို အပြတ်အသတ် အနိုင်ရရှိခဲ့ပြီးနောက် တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွင် ထိုင်းအတိုက်အခံ ပါတီများ အောင်ပွဲရရှိခဲ့သည်ဟု Reuters က ရေးသားဖော်ပြခဲ့သည်။

ထို့ကြောင့် ၎င်းတို့သည် အစိုးရတစ်ရပ် ဖွဲ့စည်းရေးနှင့် ပတ်သက်သည့် သဘောတူညီမှု ရရှိရန် တက်သုတ်ရိုက် ဆောင်ရွက်သွားမည့် အခြေအနေတွင် ရှိနေသည်။

မဲအရေအတွက် ၉၉ ရာခိုင်နှုန်းနီးပါး ရေတွက်ပြီးချိန်တွင် Move Forward နှင့် ဖြူးထိုင်း (Pheu Thai) ပါတီ တို့သည် ကျန်ပါတီများကို အပြတ်အသတ် အသာစီး ရရှိနေသည်။

သို့သော် စစ်တပ်ကို ဇောင်းပေးရေးဆွဲထားသည့် လွှတ်တော်ဆိုင်ရာ သတ်မှတ်ချက်များကြောင့် ပါတီတစ်ခုချင်းစီ အနေဖြင့် အစိုးရသစ်ဖွဲ့စည်းရန် ရုန်းကန်ရဦးမည်ဖြစ်သည်။

ရှေ့ဆုံးက ဦးဆောင်နေတဲ့ Move Forward ပါတီခေါင်းဆောင် ပီတာ လင်ဂျာရိုရန်ရတ်ကို တွေ့ရစဉ်

အစိုးရသစ်ဖွဲ့စည်းရန် အတိုက်အခံပါတီများ အနေဖြင့် သဘောတူညီချက်များကို သာမက စစ်တပ်မှဖွဲ့စည်းထား သော ဆီးနိတ်အဖွဲ့ဝင်များ အပါအဝင် ကျန်အဖွဲ့အစည်းများထံမှ ထောက်ခံမှုရရှိရန် လိုအပ်မည် ဖြစ်သည်။

ဆီးနိတ်သည် စစ်တပ်ပါတီများဘက်မှဖြစ်ကာ အစိုးရသစ်ဖွဲ့ရန်နှင့် ဝန်ကြီးချုပ်သစ် ရွေးချယ်ရန် မဲပေးခွင့် ရှိနေသည်။

တနင်္ဂနွေနေ့ ရွေးကောက်ပွဲသည် သက်ဆင် ရှင်နာဝပ် (Shinawatra) မိသားစုနှင့် ထိုင်းစစ်တပ်တို့ အကြား အရေးပါသော အဖွဲ့အစည်းများကို လွှမ်းမိုးမှုရရှိရေး ဆယ်စုနှစ်ကြာ အားပြိုင်မှု၏ နောက်ဆုံးတိုက်ပွဲ ဖြစ်သည်။

သို့သော် လူငယ်မဲဆန္ဒရှင်များ၏ အထောက်အပံ့ဖြင့် အံ့သြသင့်ဖွယ် ရလဒ်ကို ရရှိခဲ့သည့် Move Forward ပါတီ၏ အောင်မြင်မှုက ထိုင်းအဖွဲ့အစည်းများနှင့် အာဏာရပါတီများ၏ စိတ်ပိုင်းဖြတ်မှုအတွက် စမ်းသပ်ချက် ဖြစ်လာ မည်ဖြစ်သည်။

ထွက်ပေါ်လာသော ရလဒ်များတွင် Move Forward ပါတီက ဦးဆောင်နေကာ ဖြူးထိုင်းပါတီက ဒုတိယနေရာတွင် နီးကပ်စွာ ရပ်တည်နေသည်။

ဒုတိယ ဦးဆောင်နေတဲ့ ဖြူးထိုင်းပါတီက ပေတုန်တန်ကိုတွေ့ရစဉ်

Reuters သတင်းဌာန၏ တွက်ချက်မှုအရ ထိုပါတီနှစ်ခုသည် စစ်တပ်၏ ပင်မ ပါတီဖြစ်သော Palang Prachara ပါတီအပြင်၊ စစ်တပ်ထောက်ခံသော United Thai Nation ပါတီတို့ထက် လွှတ်တော်တွင်း နေရာ သုံးဆကျော် ပိုမို ရရှိနိုင်သည်ကိုလည်း တွေ့ရသည်။

မဲရလဒ်သည် အံ့သြဖွယ်ကောင်းသည်ဟု Move Forward ပါတီခေါင်းဆောင် ပီတာ လင်ဂျာရိုရန်ရတ် (Pita Limjaroenrat) ပြောကာ အစိုးရဖွဲ့စည်းချိန်တွင်လည်း ပါတီ၏ တန်ဖိုးများကို မှန်ကန်စွာ ဆောင်ရွက်သွားမည်ဟု ပြောသည်။

အစိုးရသစ်သည် စစ်တပ်နှင့် အာဏာရှင် ထောက်ခံသော ပါတီများကို ဆန့်ကျင့်သွားမည်ဟု ပီတာက သတင်းထောက်များကို ပြောခဲ့ကာ လူနည်းစု အစိုးရအတွက် ထိုင်းတွင် နေရာမရှိတော့ဟု ပြောနိုင်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

ဖြူးထိုင်းပါတီနှင့် မဟာမိတ်ဖွဲ့ရန် လမ်းဖွင့်ထားဆဲ ဖြစ်သည်ဟု ပီတာက ပြောခဲ့သော်လည်း ဝန်ကြီးချုပ်သစ် ရွေးချယ်ရေးတွင် ကိုယ်ပိုင်အမြင်ရှိသည်ဟု ပြောသည်။

နောက်ဆုံး အာဏာသိမ်းမှုကို လုပ်ဆောင်ခဲ့သည့် စစ်ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ချန်အိုချာ (Prayuth Chan-ocha) သည်လည်း ယခုရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကာ ဝန်ကြီးချုပ်အဖြစ် ထပ်မံရွေးချယ်ခံရရန် ကြိုးပမ်းခဲ့သည်။

အစိုးရအဖွဲ့အတွင်း ပြောင်းလဲခြင်းက ပဋိပက္ခဖြစ်စေ နိုင်သည်ဟုလည်း ၎င်းက သတိပေးထားသည်။

၎င်းသည် ပါတီ အခြေမလှမှုကြောင့် United Thai Nation ပါတီရုံးချုပ်မှ တနင်္ဂနွေနေ့တွင် တိတ်တဆိတ် ထွက်ခွာသွားသည်ကို တွေ့ရပြီး ထောက်ခံသူ အင်အားလည်း အနည်းငယ်ကိုသာ မြင်တွေ့ခဲ့ရသည်။

Source: ရိုက်တ