CNI International News

ဘန်ကောက်၊ မေလ ၂၃

အစိုးရဖွဲ့စည်းရေးအတွက် ပူးတွဲ သဘောတူညီချက်တစ်ခုတွင် လက်မှတ် ရေးထိုးခဲ့သည်ဟု ထိုင်းနိုင်ငံ၏ ညွန့်ပေါင်းမဟာမိတ်ပါတီများက မေလ ၂၂ ရက်တွင် ကြေညာခဲ့ကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။

ရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာ (MoU) သည် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးနှင့် ပါတီများအကြား ပူးပေါင်း ဆောင်ရွက်ရေးတို့အတွက် အခြေခံ ဖြစ်လာမည်ဟု ဝန်ကြီးချုပ်သစ်ဖြစ်ရန် လျာထားခံရသော Move Forward ပါတီ ခေါင်းဆောင် ပီတာလင်ဂျာရိုရန်ရတ် (Pita Limjaroenrat) က ပြောသည်။

အစိုးရ၏ လုပ်ဆောင်ချက်များသည် ထိုင်းနိုင်ငံ၏ ဘုရင်စနစ်နှင့် ချိုးဖောက်၍ မရသော ဘုရင်စနစ်တို့အပေါ် မည်သည့်ဆိုးကျိုး သက်ရောက်မှုမှ မရှိစေရေးအတွက်လည်း ပါတီအားလုံးက သဘောတူသည်ဟု ပီတ၏ ပြောစကားတွင် ပါဝင်သည်။

MoU အား လက်မှတ် ရေးထိုးခြင်းသည် ၂၀၁၄ ခုနှစ် အာဏာသိမ်းယူမှု၏ ၉ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား နှင့် တိုက်ဆိုင်နေသည်။

ညွန့်ပေါင်းပါတီများ သဘောတူညီခဲ့သည့် အချက် ၂၃ ချက်ကို တွေ့ရစဉ်

ထိုအခြေအနေက ဝန်ကြီးချုပ်ဟောင်း ပရာယွတ်၏ ခေါင်းဆောင်မှု ပြီးဆုံးသွားပြီဆိုသော အမှတ်အသား ဖြစ်သည်ဟုလည်း ပီတာက ပြောသည်။

MoU အား ဖန်တီးခြင်းသည် အစိုးရနှင့် လွှတ်တော် လုပ်ငန်းစဉ်များမှတစ်ဆင့် အပြန်အလှန် အကျိုးစီးပွားနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပူးတွဲမြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်ကာ အစိုးရအတွင်း ညွန့်ပေါင်းပါတီများက တာဝန်ယူမှုများကို မျှဝေ ဆောင်ရွက်သွားမည်ဟုလည်း ပီတာက ပြောသည်။

ညွန့်ပေါင်းပါတီများမှ သဘောတူခဲ့သော အရေးပါဆုံး သဘောတူညီချက် ၂၃ ခုမှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁) ဒီမိုကရေစီစနစ်ကို ပြန်လည်ထိန်းသိမ်းရန်အတွက် ထိုင်းဖွဲ့စည်းပုံအခြေခံဉပဒေကို ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်များ ပါသည့် ကိုယ်စားလှယ်အဖွဲ့က ပြန်လည်ရေးဆွဲရန်

(၂) စုံတွဲတိုင်းအတွက် ညီမျှသော အခွင့်အရေးရှိစေရန် လက်ထပ် ထိမ်းမြှားခြင်းဆိုင်ရာ သာတူညီမျှမှု ဥပဒေအား အတည်ပြုရန်

(၃) ဒီမိုကရေစီ နည်းလမ်းများနှင့်အတူ အစိုးရဝန်ထမ်းများ၊ ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် တရားစီရင်ရေး လုပ်ငန်းစဉ်များ ကို ပြုပြင်ပြောင်းလဲရန်

(၄) စစ်မှု မထမ်းမနေရစနစ်မှ ကိုယ့်သဘောဆန္ဒဖြင့် စစ်မှုထမ်းခြင်းသို့ ပြောင်းလဲရန်

(၅) တောင်ပိုင်းနယ်စပ် ပြည်နယ်များတွင် တည်ငြိမ်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ပူးပေါင်းဆောင်ရွက်ရန်

(၆) အာဏာခွဲဝေနှင့် ဘတ်ဂျက်တို့တွင် ဗဟိုချုပ်ကိုင်မှုကို ဖျက်သိမ်းရေး လုပ်ဆောင်ရန်

(၇) အကျင့်ပျက် ခြစားမှုများကို တိုက်ဖြတ်ရန်

(၈) စီးပွားရေး ပြန်လည်ဦးမော့လာစေရန်

(၉) ပြည်သူများ၏ အသက်မွေး ဝမ်းကြောင်းလုပ်ငန်း၊ စားသောက်နေထိုင်ရေးတို့နှင့် ပတ်သက်သော ဥပဒေများကို ပြင်ဆင်မွမ်းမံရန်

(၁၀) စီးပွားရေး လုပ်ငန်းများတွင် လက်ဝါးကြီးအုပ်မှုများကို ဖယ်ရှားကာ မျှတစွာယှဉ်ပြိုင်ရသော စနစ်ဖြစ်လာရန်

(၁၁) သက်ဆိုင်ရာ ဥပဒေများကို ပြင်ဆင်ခြင်းဖြင့် မြေယာခွဲဝေမှုစနစ်ကို ပြုပြင်ပြောင်းလဲရန်

(၁၂) လျှပ်စစ်မီး ထုတ်လုပ်မှုနှင့် ဈေးနှုန်းပြောင်းလဲ သတ်မှတ်ရန်

(၁၃) ဘတ်ဂျက်စနစ်သစ်တစ်ခု ထူထောင်ရန်

(၁၄) မွေးဖွားသည်မှ သေဆုံးသည်အထိ ကျယ်ပြန့်သော ဖူလုံရေး စနစ်တစ်ခု တည်ထောင်ရန်

(၁၅) မူးယစ်ဆေးဝါးပြဿနာကို အမြန်ဆုံးဖြေရှင်းရန်

(၁၆) ဆေးခြောက် ရောင်းဝယ်သုံးစွဲမှုအား ကန့်သတ်ရန်

(၁၇) စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန်

(၁၈) ရေလုပ်ငန်းဥပဒေကို ပြန်လည်ရေးဆွဲရန်

(၁၉) အလုပ်သမား အခွင့်အရေးများကို မြှင့်တင်ရန်

(၂၀) ကျန်းမာရေးစနစ်ကို မြှင့်တင်ရန်

(၂၁) ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရန်

(၂၂) ညစ်ညမ်းမှုများကို ဖြေရှင်းရေး ပြည်တွင်း/ပြည်ပ ပူးပေါင်းဆောင်ရွက်မှု၊ လုပ်ငန်းစဉ်များကို မြှင့်တင်ရန်

(၂၃) အာဆီယံဒေသတွင်း ဦးဆောင်မှုနှင့် နိုင်ငံတကာ စာမျက်နှာတွင် ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်ထိန်း သိမ်းရေး နိုင်ငံရေးမူဝါဒပိုင်းဆိုင်ရာ ဆောင်ရွက်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်တို့ ဖြစ်သည်။

အချက် ၂၃ ချက်ကို လက်မှတ်ထိုးထားမှု ထုတ်ပြန်စဉ်

ညွန့်ပေါင်းပါတီများသည် အောက်ပါ အကြောင်းအရာများကို အခြေခံကာ တိုင်းပြည်အား အုပ်ချုပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန်လည်း သဘောတူညီခဲ့သည်။ ထိုသဘောတူညီချက်များမှာ

(၁) ပြည်သူများ၏ အခွင့်အရေးနှင့် နိုင်ငံရေး အခွင့်အရေးကို ကာကွယ်ပေးရန်

(၂) ရိုးသားဖြောင့်မတ်စွာ တာဝန်ယူ ဆောင်ရွက်ရန်

(၃) အပြန်အလှန်လေးစားမှု၊ ရိုးသားမှုတို့ဖြင့် ဆောင်ရွက်ကာ အပြန်အလှန် ထောက်ပံ့ကူညီကြရန်

(၄) ပူးတွဲ သဘောတူညီချက်ပါ အချက်အလက်များကို မချိုးဖောက်သော ပါတီတိုင်းအနေဖြင့် အစိုးရအဖွဲ့ အတွင်း ရှိ ပါတီကိုယ်စားပြု ဝန်ကြီးများ၏ စီမံခန့်ခွဲမှုဆိုင်ရာ အခွင့်အာဏာဖြင့် ထပ်တိုးမူဝါဒများကို အတည်ပြု ခွင့်ရှိခြင်း

(၅) ပူးတွဲ သဘောတူညီချက်ပါ အချက်အလက်များကို မချိုးဖောက်သော ပါတီများအနေဖြင့် ပါတီကိုယ်စားလှယ် များ၏ ဥပဒေပြု အခွင့်အာဏာဖြင့် ထပ်တိုးမူဝါဒများကို အတည်ပြုရန် အခွင့်အရေးရှိခြင်းတို့ ဖြစ်သည်။

ညွန့်ပေါင်းပါတီများကို ဦးဆောင်သည့် Move Forward Party ခေါင်းဆောင်ကို တွေ့ရစဉ်

MoU အား လက်မှတ် ရေးထိုးသည့် အထင်ကရ ဖြစ်ရပ်သည် ထိုင်းနိုင်ငံတွင် စုပေါင်းအစိုးရအဖွဲ့၏ ခေတ်သစ် တစ်ခု ထူထောင်ခြင်းနှင့် အာဏာသိမ်းမှုများ လွှမ်းမိုးခဲ့သည့် ခေတ်တစ်ခု အဆုံးသတ်ခြင်းကို ကိုယ်စားပြုကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။

ယင်းက အစပြုမှု အသစ်တစ်ခုဖြစ်ကာ ထိုင်းနိုင်ငံ၏ အနာဂတ်အတွက် မျှော်လင့်ချက်များကို ရှင်သန် လာစေ သည်ဟုလည်း မှတ်ချက်ပေးသည်။

Source: The Nation