CNI International News

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၀

ယူကရိန်းစစ်ပွဲအတွက် တရုတ်သည် ရုရှားသို့လက်နက်၊ခဲယမ်းများပေးပို့ရန် စဉ်းစားနေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်(Antony Blinken) က ပြောသည်ဟု BBC သတင်းတွင် ဖော်ပြသည်။

တရုတ်ကုမ္ပဏီများသည် ရုရှားနိုင်ငံသို့ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်ခြင်းမရှိသော အကူအညီများကို ပေးခဲ့ပြီး ဖြစ်ကာ သတင်းသစ်များအရ သေစေနိုင်လောက်သော အကူအညီများပါပေးလာနိုင်သည်ဟု ဖော်ပြသည်။

ထိုသို့ လုပ်ဆောင်ခဲ့လျှင် တရုတ်နိုင်ငံအတွက် ဆိုးရွားသောနောက်ဆက်တွဲများဖြစ်လာမည်ဟုလည်း ၎င်းက သတိပေးသည်။ သို့သော် ရုရှားဘက်က စစ်ဘက်ဆိုင်ရာ အကူအညီပေးရန်တောင်းဆိုခဲ့သည်ဆိုသည့် သတင်းများကို တရုတ်ဘက်က ငြင်းဆိုထားသည်။

နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်(ဓါတ်ပုံ- Getty Images)

တရုတ်သမ္မတသည် ရုရှားသမ္မတ၏ မဟာမိတ်တစ်ဦးဖြစ်ကာ တရုတ်အစိုးရသည် ယူကရိန်းအရေးတွင် ရုရှားကို ပြစ်တင်ရှုတ်ချထားခြင်း မရှိပေ။ သို့သော် တရုတ်သမ္မတ ရှီသည် ယူကရိန်းအရေးတွင် ကြားနေအဖြစ်သာနေခဲ့ပြီး ငြိမ်းချမ်းရေးအတွက် တောင်းဆိုခဲ့သည်။ ဘလင်ကန်သည် စနေနေ့က မြူးနစ်လုံခြုံရေးညီလာခံတွင် တရုတ် ထိပ်တန်းသံတမန် ဝမ်ယိ (Wang Yi)နှင့် တွေ့ဆုံခဲ့ပြီးနောက် CBS သတင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံပွဲတွင် ဝမ်ယိအား တရုတ်နိုင်ငံအနေဖြင့် ရုရှားသို့ စစ်လက်နက်များ ထောက်ပံ့ပေးမည်ဆိုသည်နှင့် ပတ်သက်၍ အလွန်အမင်းစိုးရိမ်မိကြောင်း ပြောဆိုခဲ့သည်ဟု ဘလင်ကင်က ပြောသည်။ လက်ရှိရရှိထားသော သတင်းအချက်အလက်များအရ တရုတ်ဘက်က ရုရှားကိုထောက်ပံ့ပို့ စီစဉ်နေသည်ကို သိရှိထားပါသည်ဟု ဘလင်ကန်က ပြောသည်။

သို့သော် မည်သည့်သတင်းအချက်အလက်မျိုးကို ရရှိထားသည်ဆိုသည်နှင့်ပတ်သက်၍ အတိအကျ ရှင်းလင်း ပြောဆိုခြင်းမရှိခဲ့ပေ။ တရုတ်ဘက်က မည်သည့်အရာများ ထောက်ပံ့မည်ဟု အမေရိကန်ဘက်က ယူဆထား ကြောင်း မေးမြန်းခဲ့ရာ လက်နက်များနှင့် ခဲယမ်းများဖြစ်သည်ဟု ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။

တရုတ် ထိပ်တန်းသံတမန် ဝမ်ယိ (ဓါတ်ပုံ-Getty Images)

အမေရိကန်အစိုးရသည် ဝဂ်နာ (Wagner) ကြေးစားစစ်တပ်သို့ ယူကရိန်းနိုင်ငံ၏ ဂြိုဟ်တုဓာတ်ပုံများ ထောက်ပံ့ ပေးသည်ဟု စွပ်စွဲချက်ဖြင့် တရုတ်ကုမ္ပဏီတစ်ခုကို အရေးယူပိတ်ဆို့မှု လုပ်ဆောင်ခဲ့သည်။ ဝဂ်နာအုပ်စုသည် ရုရှားအတွက် တိုက်ခိုက်ရေးသမားများစွာ ထောက်ပံ့ပေးလျက်ရှိသည်။

တရုတ်အနေဖြင့် ရုရှားသို့ လက်နက်များအမှန်တကယ်ထောက်ပံ့ပေးမည်ဆိုလျှင် ယင်းက အမေရိကန်အတွက် သာမက တရုတ်-အမေရိကန် ဆက်ဆံရေးအတွက်ပါ ပြင်းထန်သော ပြဿနာများ ဖြစ်လာလိမ့်မည်ဟုလည်း ဘလင်ကင်က ပြောသည်။

Source:BBC