CNI International News

နယူးယောက်၊ ဧပြီ ၆

ဗြိတိန်၊ အမေရိကန်နှင့် ဩစတြေးလျ သုံးနိုင်ငံမဟာမိတ်ဖွဲ့၍ အသံထက်မြန်သောဒုံးကျည်လက်နက်နှင့် အီလက် ထရောနစ်စစ်ရေးစွမ်းရည်ဆိုင်ရာ ပူးပေါင်းအကောင်အထည်ဖော်ကြမည့် သဘောတူညီချက် ကြေညာလိုက်သည့် အခါ ကမ္ဘာ့အခြားနေရာများတွင် ယူကရိန်းပဋိပက္ခကဲ့သို့ အကျပ်အတည်းဖြစ်ပေါ်အောင် လှုံ့ဆော်လာသည့် အစီ အမံများကို ဆန်ကျင်သွားကြရန် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် ဇောင်ဂျန် (Zhang Jun) က ဧပြီ ၅ ရက်တွင် သတိပေးခဲ့ကြောင်း ရိုက်တာသတင်းအရ သိရသည်။

“ယူကရိန်းအကျပ်အတည်းကို မမြင်ချင်၊ မတွေ့ချင်တဲ့သူ ဘယ်သူမဆို ကမ္ဘာ့တခြားအစိတ်အပိုင်းမှာ အဲဒီလို အကျပ်အတည်းမျိုး ဦးတည်သွားစေမယ့် အပြုအမူမျိုး ရှောင်သင့်တယ်။ ကျနော်တို့ တရုတ်ဆိုရိုးစကားရှိတယ်ဗျ။ ခင်ဗျား ဒါမျိုးမကြိုက်ဘူးဆိုရင် တခြားသူတွေကိုလည်း အလားတူ သွားမလုပ်ပါနဲ့တဲ့” ဟု ဇောင်ဂျန်က သတင်း ထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ယမန်နှစ် ဆောင်းဦးရာသီတွင် ယူကရိန်းနယ်စပ်၌ ရုရှားတပ်များ အစုလိုက်အပြုံလိုက် ဖြန့်ကြက်လာခြင်းနှင့် ပတ်သက်၍ အမေရိကန်ထောက်လှမ်းအရာရှိများ စိုးရိမ်မှုတိုးလာခဲ့ပြီးနောက် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၎င်း၏ပြည်တွင်းရှိ လက်နက်အသစ်အဆန်းတီထွင်သူပညာရှင်များကို အသံထက်မြန်သော ဒုံးကျည်များ ထုတ် လုပ်ဖို့ အမိန့်ပေးခဲ့သည်။

ရုရှားထုတ် အသံထက်မြန်သော ဒုံးကျည်တွင် အေဗန်ဂက် (Avangard) ဟု ခေါ်သည့်စနစ်ထည့်သွင်းထားပြီး သမားရိုးကျ ဒုံးကျည်များထက် ပြေးနှုန်း ၂၇ ဆ ပိုမိုမြန်ဆန်စွာဖြင့် ပျံသန်းပစ်ခတ်နိုင်ကြောင်း မော်စကိုက ပြောကြားခဲ့သည်။ ထို့ပြင် ယခင်ဒုံးကျည်စနစ်အစား ဆိုဗီယက်ခေတ် တိုက်ချင်းပစ်ဒုံးကျည်ကဲ့သို့ ထိပ်ဖူးမျိုးကို ဆန်းသစ်ထည့်သွင်းလာခဲ့ပြီး အေဗန်ဂက်စနစ်သုံး လက်နက်များတပ်ဆင်ထားသည့် ပထမဆုံးတပ်ဖွဲ့ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ဗလာဒီမာပူတင်က စစ်ရေးတာဝန် စတင်ထမ်းဆောင်စေခဲ့သည်။

MiG-31 တိုက်လေယာဉ်များဖြင့် သယ်ဆောင်လာသည့် ကင်ဇဲ (Kinzhal) ဒုံးကျည်သည် အကွာအဝေး ကီလိုမီတာ ၂,၀၀၀ (မိုင် ၁,၂၅၀) ခန့်အထိ ပစ်ခတ်နိုင်စွမ်းရှိပြီး အသံထက် အမြန်နှုန်း ၁၀ ဆပျံသန်းနိုင်ကြောင်း ရုရှား ကာကွယ်ရေးအရာရှိများက ပြောကြားခဲ့ကြသည်။

ယခု အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က ၂၀၂၃ ခုနှစ်အတွက် ဘတ်ဂျက်တောင်းခံမှုတွင် အသံထက်မြန်သော လက်နက်များ သုတေသနနှင့်ဖွံ့ဖြိုးမှုအတွက် အမေရိကန်ဒေါ်လာ ၄ဒသမ၇ ဘီလီယံလည်း ပါဝင်ခဲ့သည်။ ထို စနစ်တွင် လာမည့်နှစ်တွင် ထွက်ရှိလာမည့် အသံထက်မြန်သော ဒုံးကျည်ဘက်ထရီလည်း ထည့်သွင်း ထုတ်လုပ် မည်ဖြစ်သည်။

ယင်းနောက်တွင် ၂၀၂၅ ခုနှစ်အရောက်၌ ပင်လယ်ရေပြင်ထဲမှ အခြေစိုက်ပစ်ခတ်နိုင်မည့် ဒုံးကျည်စနစ်နှင့် ၂၀၂၇ ခုနှစ်အရောက်၌ ဝေဟင်မှ ပျံဝဲရင်း ပစ်ခတ်နိုင်မည့် ခရုစ်ဒုံးကျည်တို့ ဆန်းသစ်တီထွင်မည့် အစီအစဉ်ကိုလည်း အမေရိကန်တို့ ရေးဆွဲထားကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

Source: Reuters, AP