CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၆

ထိုင်းနိုင်ငံနယ်စပ်အနီး ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် “ဝ” ပြည်သွေး စည်း ညီညွတ်ရေးတပ်မတော် (UWSA) တို့ ဧပြီလ ၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အဆိုပါ အဖွဲ့များက CNI သတင်း ဌာနသို့ အတည်ပြု ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားသည့် ဒေသသည် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့နယ် တောင် ဘက်ခြမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ UWSA ၏ ၁၇၁ စစ်ဒေသ လက်အောက်ခံတပ်များက RCSS စခန်းကို ဝင်ရောက် တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူးစိုင်းခမ်းစံက “ဒီကိစ္စကျတော့ UWSA ဘက်ကို ဆက်သွယ်ပြီး ညှိနှိုင်းဖြေရှင်းမှ ဖြစ်မယ်လေ၊ သူတို့ဘာကြောင့် ကျနော် တို့ စခန်းကုန်းကို တက်ပြီး တိုက်တာလဲဆိုတာ အဲဒါကျမှ သိမယ်လေ၊ အဲဒါကြောင့် လောလောဆယ်ကျတော့ ဖြေရှင်းဖို့ ဒီဖြစ်စဉ် အသေးစိတ် မသိရသေးဘူးဆိုတော့ ပြောသေးဖို့ စောသေးတယ်ပေါ့၊ အဓိကကတော့ သူတို့ လာဖြတ်တိုက်တယ်ဗျာ၊ သူတို့ပြန်ဆုတ်သွားတယ် အဲဒီလောက်ပါပဲ”ဟု ပြောသည်။

RCSS နှင့် UWSA ဖြစ်ပွားသည့် တိုက်ပွဲဒေသ (မိုင်းတုံမြို့နယ်)တွင် RCSS ၊ UWSA တပ်စခန်းများအပြင် တပ်မတော်စခန်း ကုန်းများလည်း သီးခြားစီ တည်ရှိကြောင်း သိရသည်။

မိုင်းတုံမြို့နယ်

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ UWSA ထံ ဆက်သွယ်မေးမြန်းရာတွင် တိုက်ပွဲဖြစ်ပွားမှု မှန်ကန်ကြောင်း၊ RCSS ဘက်က နယ်မြေကျော်လွန်လာ၍ တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း UWSA တောင်ပိုင်း ဆက်ဆံရေးမှူး ဦးစံပီး က CNI သတင်းဌာနသို့ ပြောသည်။

ဦးစံပီးက “မနေ့က ဖြစ်တာ ဘာမှမဟုတ်ပါဘူး၊ သူတို့နည်းနည်း နယ်မြေကျော်လာလို့ ကျနော်တို့ စခန်းနား ကပ်လာလို့လေ၊ စခန်းနားကပ်လာတော့ ကျနော်တို့အဖွဲ့က မေးတဲ့အခါကျတော့ သူတို့က ဘာမှမပြောဘဲနဲ့ ကျနော်တို့အဖွဲ့ကို အရင်စပစ်တာ၊ သူ့တို့အရင်ကျော်လာတာ နယ်ကျော်လာတာ” ဟု ပြောသည်။

တခြားတစ်ဖက်မှာတော့ RCSS သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPPP)နှင့် တိုက်ပွဲများ ဖြစ်ပွားထားပြီး ရှမ်းမြောက်ရှိ RCSS စခန်းများကို လက်လွှတ်ခဲ့ရမှုများ ရှိထားသည်။

RCSS သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

UWSA သည် NCA ထိုးနိုင်ခြင်း မရှိသေးဘဲ ညှိနှိုင်းနေဆဲသာဖြစ်သည်။ အလားတူ UWSA သည် KIA၊ NDAA၊ SSPP၊ TNLA၊ MNDAA၊ AA တို့ပါဝင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)ကို ဦးဆောင်လျက်ရှိသည်။