CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ နှင့် ကောင်သူးလေတပ်မတော် (KTLA) တို့အကြား အချင်းချင်း ရန်မူ တိုက်ခိုက်နေမှုများ အမြန်ဆုံး အဆုံးသတ်ပေးရန် နိုင်ငံတကာကရင်အဖွဲ့အစည်း (IKO) က တောင်းဆိုခဲ့ သည်။

KNU တပ်မဟာ ၄ နယ်မြေအတွင်း KTLA နှင့် KNLA တို့ တပ်ဖွဲ့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်ကို ကြားသိရ ၍ စိတ်မချမ်းမြေ့ ဖြစ်ရကြောင်း၊ စစ်အစိုးရကို ပြည်သူတစ်ရပ်လုံးက တော်လှန်တိုက်ပွဲဝင်နေသည် အချိန်တွင် ကရင်တပ်ဖွဲ့များအကြား အချင်းချင်း တိုက်ခိုက်နေကြခြင်းမှာ မဖြစ်သင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

လက်ရှိမှာ ပြည်သူတစ်ရပ်လုံး၏ စစ်အုပ်စု အမြစ်ပြတ် ဖြုတ်ချရေးအတွက် တော်လှန်တိုက်ပွဲ ဝင်နေခြင်းသည် အဖိနှိပ်ခံ ပြည်သူလူထု တစ်ရပ်လုံးအတွက် အခွင့်အခါကောင်းဖြစ်ပြီး လက်မလွှတ်သင့်ကြောင်း၊ ကရင်အချင်းချင်း တိုက်ခိုက်နေမည့်အစား သေနတ်ပြောင်းဝကို စစ်အုပ်စုဘက်သို့ လှည့်ကြရန် IKO က တိုက်တွန်းထားသည်။

 IKO ၏ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်က KNU တပ်မဟာ ၄ နှင့် ကော်သူးလေတပ်မတော်(KTLA)တို့အကြား တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲအတွင်း ကော်သူးလေတပ်မတော် တပ်ရင်း ၁ ကို သိမ်း ပိုက်နိုင်ခဲ့ ကြောင်း KNU တပ်မဟာ ၄ ဘိတ်-ထားဝယ်အုပ်ချုပ်ရေးရုံးက ထုတ်ပြန်ခဲ့သည်။

ထို့အတူ တိုက်ပွဲအတွင်း ကော်သူးလေတပ်မတော်မှ တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ KNU တပ်မဟာ ၄ ဘက်မှ ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNLA သည် KNU ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး ကော်သူးလေတပ်မတော်(KTLA)ကတော့ KNU ၏ လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးအစည်းအရုံး(KNDO)မှာ စစ်ဦးစီးချုပ်အဖြစ်ကနေ ရပ်ဆိုင်းခံ လိုက်ရသော စောနယ်ဒါးမြက ဦးဆောင် ဖွဲ့စည်းထားသည့် လက်နက်ကိုင် အဖွဲ့ဖြစ်သည်။