CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၉

ကရင်လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်း လက်နက်ကိုင် စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းမှုထက် တွေ့ဆုံဆွေးနွေး အဖြေရှာသင့်ကြောင်း ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီမှ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ နှင့် ကော်သူးလေတပ်မတော်(KTLA) တို့သည် တစ်ဖက်နှင့် တစ်ဖက် ဆက်ဆံရေး ပိုတင်းမာလာသည်ကို တွေ့ရပြီး ကရင်လက်နက်ကိုင် အချင်းချင်းအကြား ဖြစ်ပေါ်သော ပဋိပက္ခများကို ဖြေရှင်းရာမှာ လက်နက်ဖြင့် ဖြေရှင်းခြင်းသည် ကရင်လူထုအနေဖြင့် လုံးဝလက်ခံနိုင်သည့် အရာ မဟုတ်ကြောင်း ဖေဖော်ဝါရီ ၇ ရက်က တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကရင်လူထုများမှ သဘောထား ထုတ် ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်မှာ မှန်ကန်ကြောင်း၊ အချင်းချင်း တွေ့ဆုံဆွေး‌နွေးပြီးမှ ဖြေရှင်းစေလိုကြောင်း မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒါ သိပ်မှန်တယ်လို့ပဲ ကျနော်ပြောလိုက်တော့မယ်၊ တိုတိုတုတ်တုတ်ပဲ၊ သူတို့ရဲ့ ထုတ်ပြန်ချက်က သိပ်မှန်တယ်လို့ လက်နက်ကိုင်ဖြေရှင်းဖို့ မသင့်ဘူး၊ အချင်းချင်း တွေ့ဆုံဆွေး‌နွေးပြီးတော့မှ ကရင်တပ်ဖွဲ့ အချင်း ချင်းပဲဆိုတော့ ဒီလို လက်နက်နဲ့ ဖြေရှင်းကြလို့ရှိရင် တိုက်ပွဲ ပြီးဆုံးမှာ မဟုတ်ဘူး။ ကျန်တဲ့ ဒီဖက်က ဆန့်ကျင် ဘက် အဖွဲ့အစည်းလို့ပဲ ပြောပြော တပ်မတော်နဲ့လည်း လုပ်လာခဲ့တာ နှစ်ပေါင်း ၇၀ ကျော်နေပြီ ဒါလည်း မဖြေ ရှင်းနိုင်တဲ့ဟာကို ကိုယ့်အချင်းချင်းကြ ပိုဆိုးတာပေါ့ဗျာလို့ ကျနော်အဲဒီလိုပဲ ပြောချင်တယ်” ဟု ပြောသည်။

စောနယ်ဒါးမြကို တွေ့ရစဉ်

ကရင်လက်နက်ကိုင် အချင်းချင်းအကြား လက်နက်ကိုင် အဖြေရှာခြင်းမှာ ကရင်လူထုအတွက် ကောင်းမွန်သည့် ရလဒ်ကို မပေးခဲ့သလို ဆိုးရွားသည့် အခြေအနေသို့သာ တွန်းပို့ကြောင်း ကရင့်တော်လှန်‌ရေး၏ ခါးသီးသော အတွေ့အကြုံများမှလည်း သင်ခန်းစာများ ရယူစေလိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ ဖြစ်ပွားနေသည့် ပြဿနာများကို တွေ့ဆုံညှိနှိုင်းသင့်ကြောင်း၊ KNU ၏ မူကို လက်ခံဖြေရှင်းပါက အဆင် ပြေမည်ဟု မြင်မိကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ယက် (KPSN) မှ စောလေးကပေါက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ KNU ရဲ့ မူကို လက်ခံတယ်ဆိုရင်တော့ ခွဲထွက်ရေးတို့၊ ကွဲပြားရတာတွေက ပိုမိုပြီးတော့မှ နည်းမယ်ပေါ့ နော်၊ ပြဿနာဖြစ်တာ ပိုနည်းမယ်ပေါ့၊ အရင်ကတည်းကလည်း တစ်လျှောက်လုံးကလည်း အရင်က ကျနော်တို့ တပ်မဟာ ၄ မှာရှိတဲ့ KNU ကပဲ ပိုပြီးမှ ဦးဆောင်နေတာ ရှိတာကိုး KNU ပဲ ဒီတော်လှန်ရေးမှာ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တာဆိုတော့ တွေ့ဆုံဆွေးနွေးတဲ့ အခါမှာလည်း KNU မူကို ပိုပြီးမှ ကျင့်သုံးတဲ့ဟာမျိုး ဆွေး‌နွေးတဲ့ ဟာမျိုးဆိုရင် ပိုကောင်းတဲ့ အဖြေရမယ်လို့ ကျနော် မြင်တယ်” ဟု ပြောသည်။

KNU တပ်မဟာ ၄ ကိုတွေ့ရစဉ်

ကော်သူးလေတပ်မတော်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်းက ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) ၏ စစ်ဦးစီးချုပ် တာဝန်မှ ရပ်ဆိုင်းခြင်း ခံခဲ့ရသည့် ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ဖွဲ့စည်းခဲ့ပြီး KNU တပ်မဟာ ၄ နယ်မြေတွင် လှုပ်ရှားလျက်ရှိကြောင်း သိရသည်။

ထို့နောက် နှစ်ဖက် အချင်းချင်းကြား ပဋိပက္ခများမှာ ပိုမို ကြီးထွားလာပြီး လက်နက်ကိုင် ဖြေရှင်းသည့် နည်းလမ်း များပါ ပါဝင်လာကာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ၊ ခြိမ်းခြောက်ပြောဆိုမှုများ၊ စွပ်စွဲပြောဆိုမှုများ ရှိလာခဲ့သည်။