CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၉

မလေးရှားရှိ အထောက်အထားမဲ့များအား ဖမ်းဆီးချိန်တွင် အဖမ်းခံခဲ့ရသည်ရှိသော် လက်ရှိ ရီကာလီဘရာစီ ပါမစ်(RTK) အား လျှောက်ထားဆဲ အထောက်အထား ပြသနိုင်ပါက ပြန်လွှတ်ပေးကြောင်း မလေးရှားတွင် မြန်မာများအား ကူညီဆောင်ရွက်ပေးနေသူအချို့က CNI သတင်းဌာနသို့ ပြောသည်။

ထို့ကြောင့် လက်ရှိတွင် ရီကာလီဘရာစီပါမစ် (RTK) လျှောက်ရန် အမည်စာရင်းသွင်းထားသည့် မြန်မာများအနေ ဖြင့် အဖမ်းခံခဲ့ရသည်ရှိသော် ထိုအထောက်အထားများအား ပြသနိုင်ပါက ပြစ်ဒဏ်မခံရဘဲ ရက်ပိုင်းအတွင်း ပြန်လည်လွတ်မြောက်မည်ဖြစ်ကြောင်း မလေးရှားတွင် လက်ရှိနေထိုင်လျက်ရှိသည့် မွှားမိုက်ကယ်က CNI သတင်းဌာနသို့ ပြောသည်။

“အခုလက်ရှိ RTK register ၁၅၀၀ တန် လုပ်ထားတဲ့လူတွေက လက်ရှိဖမ်းမယ်ဆိုရင် သူက အဲဒီကောင်ကို ပြရင် တော့ အဆင်ပြေတယ်။ ဒါကတော့ ဥပမာ ဖမ်းတာဆီးတာဆိုရင်တော့ လောလောဆယ် လိုက်တော့သွားရမယ်။ လိုက်သွားပြီးတော့ ရဲဖမ်းတယ်ဆိုရင်တော့ immigration မှာ စာရွက်ကို စစ်မယ်။ RTK ဆောင်ထားသလား မဆောင်ထားသလား။ ဆောင်ထားတယ်ဆိုရင် ပြန်ထွက်လို့ရတယ်။ ဒါပေမယ့် ထွက်လို့ရတယ်ဆိုပေမယ့် ချက်ချင်းလက်ငင်းကြီး ထွက်ခွင့်ပေးတာမဟုတ်ဘဲနဲ့ သူတို့စခန်းကနေပြီး ပြန်လွှတ်ပေးတဲ့ အနေအထားမျိုး ရှိတယ်။ ဘာလို့ဆို လက်ရှိ သူတို့မှာ ပါမစ်မပြနိုင်တဲ့အတွက် သူတို့က RTK register လုပ်ထားတဲ့ စာရွက်လေးနဲ့ ဆိုတော့ သိပ်မခိုင်လုံတဲ့အတွက် ရုံးမှာသူတို့ စစ်ဆေးပြီးတော့မှ ပြန်လွှတ်တာမျိုးရှိတယ်။ ကျနော်ဟို တနေ့က ၂ ယောက်ကြုံပြီးသွားပြီပေါ့နော်။ ၃ ရက်လောက်ကြာခဲ့တယ်။ ပြစ်ဒဏ်တော့မခံရဘူး။ သူတို့ ၂ ရက်လား ၃ ရက် လား တစ်ခါတစ်လေကျရင် လ.ဝ.က အလုပ်လုပ်ရင်လည်း မနက်ပိုင်းထိုင် ညနေလောက် ပြီးတာပေါ့။ တစ်ခါ တစ်လေကျရင်လည်း သူတို့အလုပ်မလုပ်ဘဲနဲ့ အချုပ်ထဲထည့်ထားလိုက်ရင် ၂ ရက်လောက်နေမှ ထွက်တာမျိုး လည်း ရှိတယ်” ဟု ၎င်းက ပြောသည်။

ယခင်က ရီကာလီဘရာစီပါမစ်ထုတ်ပေးရာနေရာ

အဖမ်းခံရချိန်တွင် အထောက်အထားများပြသရာ၌ မူရင်းဖြစ်ရမည်ဖြစ်ပြီး မိတ္တူကူးထားသည့် အထောက်အထား စာရွက်များ ပြသ၍မရကြောင်းနှင့် ထို အထောက်အထားများအား အလုပ်ရှင်မှ သိမ်းထားခဲ့သည်ရှိသော် မိမိ အဖမ်းခံရချိန်တွင် အလုပ်ရှင်ထံသို့ ဆက်သွယ်ပြီး လာရောက်ထုတ်ယူခိုင်းနိုင်ကြောင်းလည်း သိရသည်။

မည်သည့်အထောက်အထား တစ်စုံတစ်ရာမရှိသူဖြစ်ပါက အဖမ်းခံရလျှင် ပြစ်ဒဏ်ခံရမည်ဖြစ်ကြောင်းနှင့် မိမိ၌ ပါမစ်လျှောက်ထားသည့် အထောက်အထားရှိသော်လည်း မဆင်မခြင် မသွားလာသင့်ကြောင်း မလေးရှား၌ မြန်မာ များအား ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။

“စပြီးတော့ စာရင်းသွင်းထားပြီဆိုရင်တော့ မရသေးပါဘူး။ စာရင်းသွင်းပြီးတော့ တကယ်လို့ immigration က သူတို့ကို အင်တာဗျူးခေါ်ပြီး အိုခေ လုပ်လို့ရပြီဆိုရင် immigration ကနေ သူတို့ လုပ်လို့ရပြီဆိုတဲ့ ခွင့်ပြုချက် ပေးပြီဆိုမှသာလျှင် ကျနော့်အထင်တော့ သူတို့အတွက် safe ဖြစ်မှာပေါ့နော်။ ဒီနာမည်စာရင်း ပေးရုံနဲ့တော့ အဆင်မပြေလောက်သေးဘူးလို့ထင်ပါတယ်။ ဖြစ်နိုင်လို့ရှိရင် မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကို တစ်ခုထပ်မှာချင်တာက ဘယ်တိုင်းရင်းသားမဆိုပါပဲ အရက်သေစာကို ကြိုက်နှစ်သက်ကြတယ် တော်တော် များများက။ ဖြစ်နိုင်ရင် ကြိုက်လို့သောက်သောက် ပျော်လို့ပဲ သောက်သောက် ဂရုစိုက်ကြပါ။ အခုလက်ရှိ ဖြစ်လာတဲ့ အနေအထား အမှုတွေမှာ အရက်သေစာကြောင့် စဖြစ်တဲ့ အမှုတွေချည်းပဲ များနေပါတယ်။ အဲဒီတော့ ကိုယ့်မှာ အရက်သောက်သုံးထားတယ်ဆိုရင် အမှုမှာ ကိုယ်ကမမှားလည်း ကိုယ့်က မူးနေတဲ့အတွက် သောက်ထား တဲ့အတွက် သူများအမှားက ကိုယ့်အမှားလည်းဖြစ်လာနိုင်တယ် ဖြစ်လာတတ်တယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံကူးလက်မှတ်

လက်ရှိတွင် မလေးရှားနိုင်ငံ၌ တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့် ရီကာလီဘရာစီပါမစ် (RTK) လျှောက်ထားရန် အတွက် ဇန်နဝါရီ ၂၇ ရက်နေ့မှ စတင်ကာ ခွင့်ပြုပေးထားခြင်းဖြစ်ပြီး သတ်မှတ်ကာလအနေဖြင့် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ဖြစ်သည်။

ယခုပြုလုပ်ပေးနေသည့် ရီကာလီဘရာစီပါမစ် (RTK) သည် ယခင်ကထုတ်ပေးခဲ့သော ပါမစ်များကဲ့သို့ ရရှိမည့် အချိန်ကာလမှာ မကြာနိုင်ကြောင်း မလေးရှားတွင် မြန်မာများအား ကူညီဆောင်ရွက်ပေးနေ သူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။

“အခုလောလောဆယ်တော့ လုပ်တဲ့လူတွေကတော့ လုပ်နေတာပဲ။ သူ့ပိုင်ရာဆိုင်ရာတွေနဲ့ပေါ့။ ဟိုတလောက ကျနော် လ.ဝ.က မှာ ကိုယ်တိုင်သွားမေးထားတာတွေရှိတယ်။ ကျနော်သိရတာ ဒီတစ်ခါ ပါမစ်လုပ်တာ တစ်လ၊ တစ်လခွဲလောက်ဆိုရင် ဒီပါမစ်က ထွက်ပါပြီ။ အရင်ကလိုမျိုး ၃၊ ၄၊ ၅ လ၊ ၆ လ၊ နှစ်နဲ့ချီပြီး ကြာတာမျိုးတွေ ဆိုရင်တော့ အဲဒါက မဟုတ်တော့ဘူး။ ဒီတစ်ခါတော့ သူတို့အမြန်ဆုံးနဲ့ အလွယ်ကူဆုံးဖြစ်အောင် သူတို့ လမ်းကြောင်းလေးတွေ လုပ်ထားပေးပါတယ်။ ဒီစာရင်းသွင်းပြီးတာနဲ့ သူတို့ကို Approve လုပ်ပြီဆိုတာနဲ့ ဆက်တိုက်ပဲ သူတို့ ဆက်လုပ်သွားမှာပေါ့။ သူတို့ရဲ့ process ကိုလေ။ အရင်ကလို ဘာမှအချိန်မဆွဲတော့ဘူး” ဟု ၎င်းက ပြောသည်။

ရီကာလီဘရာစီပါမစ် (RTK) လျှောက်ထားရာတွင် အလုပ်ရှင်သူဋ္ဌေးနှင့် နိုင်ငံကူးလက်မှတ်စာအုပ်ရှိသူတို့သာ လျှောက်ထားနိုင်ပြီး အလုပ်ရှင်သူဋ္ဌေးမှနေ၍ အွန်လိုင်းမှတဆင့် လျှောက်လွှာတင်ပေးရခြင်းဖြစ်သည်။

ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်စက်များနှင့် ကွန်ပျူတာများအား ပြုပြင် ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်ရှိသဖြင့် ဖေဖော်ဝါရီလ ၆ ရက်နေ့မှ စတင်ကာ နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်း အား ခေတ္တရပ်နားထားပြီး ထုတ်ပေးမည့်ရက်အား ပြန်လည်ကြေညာသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။