CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၆

ဗီယက်နမ်မှာ ကျင်းပမယ့် ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲအတွက် အုပ်စုမဲခွဲမှုကို ဧပြီလ(၆)ရက်(ယနေ့)မှာ ပြုလုပ် သွားခဲ့ပါတယ်။

အမျိုးသားဘောလုံးပြိုင်ပွဲအတွက် အုပ်စုမဲခွဲခဲ့ရာမှာ မြန်မာ အသင်းဟာ အုပ်စု(A)မှာ အိမ်ရှင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ဖိလစ်ပိုင်၊တီမောတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေခဲ့တာပါ။ အုပ်စု(B)မှာ ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊စင်ကာပူနဲ့လာအို တို့ ကျရောက်နေခဲ့တာဖြစ်ပါတယ်။ ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲကို မေလ(၆)ရက်ကနေ (၂၂)ရက်နေ့အထိ ကျင်းပသွားမှာပါ။

မြန်မာ အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မေလ(၈)ရက်မှာ တီမော၊ (၁၀)ရက်မှာ ဖိလစ်ပိုင်၊ (၁၃)ရက်မှာ ဗီယက်နမ်နဲ့ (၁၅)ရက်မှာ အင်ဒိုနီးရှားအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ နည်းပြ ပိုပေါ့ဗ် ကိုင်တွယ်နေတဲ့ မြန်မာယူ(၂၃) အသင်းဟာ ပြီးခဲ့တဲ့ (၂၀၁၉)က ဖိလစ်ပိုင်မှာ ကျင်းပခဲ့တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲမှာတော့ ကြေးတံဆိပ် ရယူနိုင်ခဲ့တာပါ။ မြန်မာ အသင်းဟာ ဆီးဂိမ်းစ်ပြိုင်ပွဲများရဲ့ အမြင့်ဆုံးအောင်မြင်မှုအဖြစ် (၂၀၀၇)နဲ့ (၂၀၁၅)က ကျင်းပခဲ့တဲ့ ပြိုင်ပွဲတွေမှာ ငွေတံဆိပ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် မဲခွဲမှုပြုလုပ်ရာမှာ မြန်မာ အသင်းဟာ အုပ်စု(B)မှာ ထိုင်း၊လာအို၊စင်ကာပူတို့နဲ့ ကျရောက်နေခဲ့တာပါ။အုပ်စု(A)မှာတော့ အိမ်ရှင် ဗီယက်နမ်၊ဖိလစ်ပိုင်၊ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှား တို့ တစ် အုပ်စုတည်းရောက်ရှိနေတာဖြစ်ပါတယ်။

မြန်မာအမျိုးသမီး အသင်းကတော့ (၂၀၀၇)ကနေ (၂၀၁၉)အထိ ကျင်းပခဲ့တဲ့ ဆီးဂိမ်းစ် ပြိုင်ပွဲတွေမှာ ကြေးတံဆိပ်ဆုတွေကို ဆက်တိုက်ရယူနိုင်ခဲ့တာပါ။ အမြင့်ဆုံး အောင်မြင်မှုအဖြစ်တော့ (၁၉၉၇)၊(၂၀၀၃)နဲ့ (၂၀၀၅)ပြိုင်ပွဲတွေမှာ ငွေတံဆိပ်ဆုရယူနိုင်ခဲ့တာဖြစ်ပါတယ်။