CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၆

အသလက်တီကို အသင်းဟာ သူတို့နဲ့ ကစားခဲ့တဲ့ ပွဲမှာ ၅-၅-ဝ ကစားကွက်နဲ့ ကစားခဲ့တယ်လို့ မန်စီးတီး နည်းပြ ဂွာဒီယိုလာ က ပြောလိုက်ပါတယ်။ ဒီပွဲမှာ မန်စီးတီး အသင်းက ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။

ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် အီးတီဟတ်ကွင်းမှာ ကစားခဲ့တဲ့ မန်စီးတီးနဲ့ အသလက်တီကို တို့ပွဲမှာ အိမ်ရှင်အသင်းအတွက် တစ်လုံးတည်သောဂိုးကို ဒီဘရိုင်းက သွင်းယူခဲ့တာပါ။ အသလက်တီကို အသင်း ဟာ ဒီပွဲရဲ့ ပွဲအစကနေ အဆုံးအထိ ခံစစ်အသွင် ကစားခဲ့တာဖြစ်ပြီး မန်စီးတီး အသင်း တိုက်စစ်ဆင်ချိန်မှာ ဂိုး ဧရိယာအတွင်း ကစားသမား(၁၁)ဦးလုံးရှိခဲ့တဲ့အချိန်တောင် ရှိခဲ့တာဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု(၇၀)ရာခိုင်နှုန်း၊အသလက်တီကို အသင်းက (၃၀)ရာခိုင်နှုန်းပဲ ရှိခဲ့တာပါ။ ဒီပွဲမှာ မန်စီးတီး အသင်းက ဂိုးပေါက်ကန်သွင်းမှု(၁၅)ကြိမ်နဲ့ ဂိုးပေါက်တည့်မှု(၂)ကြိမ် ရှိခဲ့တာဖြစ်ပါတယ်။ အသလက်တီကို အသင်းကတော့ ဂိုးပေါက်ကန်သွင်းမှုတစ်ကြိမ်မှကို မရှိတဲ့အထိ ဆိုးရွားခဲ့တာပါ။ဒါဟာ နည်းပြ ဆီမြွန်နီ လက်ထက်မှာ ပထမဆုံးအကြိမ် အသလက်တီကို အသင်း ဂိုးပေါက်ကန်သွင်းမှုမရှိခဲ့တဲ့ပွဲ ဖြစ်ခဲ့ပါတယ်။

ဂွာဒီယိုလာ က “ဒါဟာခက်ခဲတဲ့ ပွဲနဲ့ ခက်ခဲတဲ့ပြိုင်ဘက်ပါ။ သူတို့ဟာ (၃-၅-၂) ကစားကွက်နဲ့ ကစားမယ်လို့ ခံစားမိ ပေမယ့် ဒါကို ပြန်ချိန်ညှိပြီး (၅-၅-၀) နဲ့ ကစားသွားပြန်ရော။ ဒီကစားကွက်ဟာ သမိုင်းမတိုင်ခင်ကရော ဒီနေ့မှာပါ တိုက်စစ်ဆင်ဖို့ ခက်ခဲတဲ့အရာပါ။ ရင်ဆိုင်ရခက်တဲ့ ထိပ်တန်းအသင်းတစ်သင်းနဲ့ ကျနော်တို့ ကစားခဲ့ရတာပါ။ ဒါပေမယ့် ဒါဟာ ကောင်းမွန်တဲ့ ရလဒ်တစ်ခုပါပဲ။ ဒုတိယနဲ့ တတိယဂိုးတွေရဖို့ အခွင့်အရေးရခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ အတွေ့အကြုံအများကြီးရှိတဲ့အသင်းနဲ့ ရင်ဆိုင်ရတာမလွယ်ကူပါဘူး။ ကျနော်တို့ မက်ဒရစ်ကို သွားပြီး ဂိုးတွေ ထပ်သွင်းမယ်။ အနိုင်ရဖို့ ကြိုးစားမယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ရဲ့ အခြားတစ်ပွဲမှာတော့ လီဗာပူးလ် အသင်းက ဘင်ဖီကာ အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာပါ။ လီဗာပူးလ်အတွက် ဂိုးတွေကို ကိုနာတေး၊မာနေးနဲ့ ဒီယတ်ဇ်တို့က သွင်းယူခဲ့ ပြီး ဘင်ဖီကာအတွက် ချေပဂိုးကို နူနက်ဇ် က သွင်းယူခဲ့တာဖြစ်ပါတယ်။

မန်စီးတီးနဲ့ လီဗာပူးလ် အသင်းတို့ဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ထိပ်တိုက်တွေ့ဆုံကြမှာဖြစ်ပြီး ချန်ပီယံဆုအတွက် အရေးပါတဲ့ ပွဲလည်းဖြစ်ပါတယ်။

Source:Theathletic