CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၅

မြန်မာအသင်း ဟာ ဧပြီလ(၅)ရက် မနက်ပိုင်းက (၂၀၂၂) အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အုပ်စု ဒုတိယ ပွဲစဉ်အဖြစ် သြစတြေးလျအသင်းနဲ့ ကစားခဲ့ရာမှာ ၆ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။

သြစတြေးလျ အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အရှေ့တီမောနဲ့ ကစားခဲ့ရာ ၇ ဂိုး-၄ ဂိုးနဲ့ အနိုင်ရခဲ့ပြီး မြန်မာ အသင်းဟာ ဗီယက်နမ်အသင်းနဲ့ (၁)ဂိုးစီ သရေကျခဲ့တာပါ။ အုပ်စုဒုတိယပွဲဖြစ်တာကြောင့် (၂)သင်းလုံးဟာ ဒီပွဲမှာ ရလဒ်ကောင်းရယူနိုင်ဖို့ ပွဲစကတည်းက ကြိုးစားလာခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမှာ မြန်မာအသင်းက ၂ ဂိုး-၁ ဂိုး နဲ့ ဦးဆောင်နေခဲ့တာပါ။

ဒုတိယပိုင်းမှာ သြစတြေးလျ အသင်းက ချေပဂိုးရဖို့ ကြိုးစားလာတာကြောင့် မြန်မာအသင်းဟာ တန်ပြန်တိုက်စစ် တွေနဲ့ နောက်ထပ်သွင်းဂိုးတွေကို ထပ်မံရယူသွားခဲ့တာဖြစ်ပါတယ်။ မြန်မာအတွက် ဂိုးတွေကို ငြိမ်းမင်းစိုးနဲ့ သိုင်းဘွဲ့အောင်က (၂)ဂိုးစီ၊ ဟိန်းမင်းစိုးနဲ့ သြစတြေးလျ ဂိုးသမားက ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့တာပါ။ အဲဒါကြောင့် ပွဲအပြီးမှာ မြန်မာ အသင်းက သြစတြေးလျ အသင်းကို ၆ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့တာဖြစ်ပါတယ်။

မြန်မာဖူဆယ်အသင်းနည်းပြချုပ် ဘန်လာ့တ်ချီယိုဝါရမ် က “ဒီနေ့ပွဲမှာလည်း ကျနော့်ကစားသမားတွေ ကျနော့်ရဲ့ နည်းစနစ်တွေကို အကောင်းဆုံးလိုက်ကစားနိုင်ခဲ့ပါတယ်။ ခံစစ်ကစားပုံကောင်းခဲ့သလို တန်ပြန်တိုက်စစ် ကစားပုံ လည်း ကောင်းခဲ့ပါတယ်။ တီမောနဲ့ကစားမယ့်ပွဲစဉ်မှာလည်း ရှေ့နှစ်ပွဲလိုပဲ အကောင်းဆုံးပြင်ဆင်ပြီး အာရုံ စူးစိုက်မှုအပြည့်နဲ့ ကစားသွားမှာပါ”လို့ ပြောခဲ့ပါတယ်။

မြန်မာ အသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဧပြီလ(၆)ရက်မှာ အရှေ့တီမောနဲ့ ကစားရမှာဖြစ်ပြီး သရေ တစ်မှတ်ရတာနဲ့ အကြိုဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။