CNI International News
မန္တလေး၊ မေလ ၅
၂၀၂၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အင်အားပြင်း ငလျင်ကြောင့် ပျက်စီးခဲ့သည့် မန္တလေးမြို့ရှိ ဂျက်ဖာဆင်စင်တာ (Jefferson Center) ကို အကြီးစား ပြုပြင်မွမ်းမံမှုများ ပြုလုပ်ပြီးနောက် ဧပြီ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက တရားဝင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။
ဂျက်ဖာဆင်စင်တာသည် အမေရိကန်နှင့် မြန်မာနိုင်ငံ၏ အထက်အညာဒေသကြား ဆက်ဆံရေးအတွက် အရေးပါသော ပေါင်းကူးတံတား တစ်စင်းအဖြစ် ရည်ရွယ်တည်ဆောက်ထားခြင်း ဖြစ်သည်။
ရှေးဟောင်းအမွေအနှစ် အဆောက်အအုံ ပြန်လည်မွမ်းမံ ပြီးစီးမှုကို ဂုဏ်ပြုသည့် အနေဖြင့် အမေရိကန်သံရုံး ယာယီသံအမတ်ကြီး ဒေါက်ဂ် ဆွန်းနက် (Doug Sonnek) က အထူးဧည့်ခံပွဲ တစ်ရပ်ကို ကျင်းပခဲ့သည်။
ထိုပွဲတွင် ဆွန်းနက်က ယခုကဲ့သို့ ပြန်လည် ဖွင့်လှစ်နိုင်ခြင်းသည် လူငယ်ခေါင်းဆောင်များ၊ ပညာရှင်များနှင့် ကျောင်းသားများအကြား ကွန်ရက်ချိတ်ဆက်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် ဘေးကင်းပြီး ခေတ်မီသော နေရာတစ်ခု ဖန်တီးပေးမည့် အမေရိကန်၏ ကတိကဝတ်ကို ထပ်လောင်း အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။

အမေရိကန်သံရုံး ယာယီသံအမတ်ကြီး ဒေါက်ဂ် ဆွန်းနက်ကို တွေ့ရစဉ်
ဂျက်ဖာဆင်စင်တာ ပြန်လည်မွမ်းမံခြင်း လုပ်ငန်းတွင် အဓိက ရည်ရွယ်ချက် ၃ ခုကို အာရုံစိုက် ဆောင်ရွက်ခဲ့ သည်ဟု ဆိုသည်။
ထိုရည်ရွယ်ချက် ၃ ခုမှာ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံ၏ တည်ဆောက်ပုံ ခိုင်ခံ့မှုကို နောင်လာမည့် သဘာဝဘေးအန္တရာယ်များဒဏ် ခံနိုင်ရည်ရှိစေရန် အားဖြည့်ခြင်း၊ ဒေသတွင်း လူငယ်များအတွက် တီထွင် ဆန်းသစ်မှုဆိုင်ရာ ဗဟိုချက်အဖြစ် ဆောင်ရွက်ခြင်းနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ယဉ်ကျေးမှုနှင့် ပညာရပ်ဆိုင်ရာ ဖလှယ်မှုများအတွက် နေရာတစ်ခုအဖြစ် ဖန်တီးပေးခြင်းတို့ ဖြစ်သည်။
ယခုကဲ့သို့ ဂျက်ဖာဆင်စင်တာအား ပြန်လည်ဖွင့်လှစ်ခြင်းသည် မန္တလေးမြို့တွင် အမေရိကန်၏ အာဏာအပျော့ကို မဟာဗျူဟာမြောက် ပြန်လည် အသက်သွင်းခြင်း ဖြစ်သည်ဟု လေ့လာသူများက ယူဆထားသည်။
မကြာမီကာလအတွင်း ထိုစင်တာမှတစ်ဆင့် ပညာရေးလှုပ်ရှားမှုများနှင့် အပြန်အလှန် ဖလှယ်ရေး အစီအစဉ်များ ပြန်လည် အားကောင်းလာမည်ဟု တာဝန်ရှိသူများက မျှော်လင့်ထားသည်။
Source: Thai PBS World
