CNI News
၂၀၂၆ ခုနှစ်၊ မေလ ၅
မြန်မာနိုင်ငံ၏ နယ်မြေအစိတ်အပိုင်း နေရာဒေသများအား ခွဲပေးရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲ၌ အတိအကျ ပြဋ္ဌာန်းထားခြင်း မရှိသကဲ့သို့ မြန်မာနိုင်ငံမှ အစိတ်အပိုင်းများအားလည်း ခွဲထုတ်ပြီး ပေး၍ မရကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နေရာဒေသတွေ ပေးဖို့ဆိုတာက ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း တကယ်ကတော့ တိတိကျကျ ပြဋ္ဌာန်းချက် မရှိဘူးလေ။ တကယ်တမ်း ပြောရရင်တော့ ကွန်ဖက်ဒရေးရှင်း အဆင့်ထိဆို တာက ကွန်ဖက်ဒရေးရှင်း ဆိုတာက ကမ္ဘာပေါ်မှာကို ကွန်ဖက်ဒရေးရှင်းဆိုတာ ရှိတာမဟုတ်တော့ဘူး လေ။ ဥရောပ Union ကြီး တစ်ခုလုံးက ကွန်ဖက်ဒရိတ် ဖြစ်နေတာပဲ။ ဒါပေမယ့် သူ့နိုင်ငံနဲ့သူ တစ်နိုင်ငံ ချင်း သီးခြားတွေ လုပ်နေကြတာပဲ။ အဲဒီအခြေအနေမျိုးကို ကျနော်တို့ မြန်မာနိုင်ငံက အစိတ်အပိုင်းတွေ ခွဲထုတ်ပြီး ပေးလို့မရဘူး။ ကွန်ဖက်ဒရိတ် အဆင့်တွေကတော့ ပေးလို့မရပါဘူး။ ဖက်ဒရယ်ကို ကျနော်တို့ အခု NCA လမ်းကြောင်းကနေပြီးတော့ တိုင်းရင်းသားအားလုံး သဘောတူညီတဲ့ ဘုံသဘောတူညီချက် တွေကို လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ အကျုံးဝင်အောင် ရေးဆွဲပြီး ပြုပြင်ပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ လွဲနေရင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မရဘူး ဆိုရင်လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ပြုပြင်လိုက်ရင် ပထမအဆင့်ပေါ့၊ ငြိမ်းချမ်းရေး သဘော တူညီချက် Union Accord ဆိုရင် အချက် ၄၀ ကျော်တောင် ရှိတာကို။ ဒီအချက် ၄၀ ကို အခြေခံဥပဒေ အောက် ရောက်သွားရင်ကိုပဲ ပြောရရင်တော့ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေက ဖက်ဒရယ်ကို ဖက်ဒရယ်ဖွဲ့စည်းပုံကို တော်တော်ကြီး ခြေလှမ်းလှမ်းမိပြီလို့ ပြောရမှာပေါ့” ဟု ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် နယ်နိမိတ် သတ်မှတ်ခြင်းနှင့်ပတ်သက်၍ ပေးပိုင်ခွင့်ရှိသည်ဟု အတိအကျ မဖော်ပြထားသလို အခန်း (၂) နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံတွင် နိုင်ငံတော်အား တိုင်း ၇ ခု၊ ပြည်နယ် ၇ ခုနှင့် ပြည်ထောင်စုနယ်မြေများဖြင့် ပိုင်းခြားသတ်မှတ်ထားသည်။

မြန်မာနိုင်ငံ မြေပုံကို တွေ့ရစဉ်
တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်တစ်နယ်၏ နယ်နိမိတ်အား ပြင်ဆင်သတ်မှတ်ရန် အကြောင်း ပေါ်ပေါက်လာပါက ထိုနယ်နိမိတ်နှင့် အကျုံးဝင်သည့် မြို့နယ်အတွင်း နေထိုင်ကြသော ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ၏ ဆန္ဒသဘောထားကို ဦးစွာ ရယူရမည်ဖြစ်ကာ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲ မရပါက ဆောင်ရွက်ခြင်း လုံးဝမပြုရဟူ၍လည်း ပြဋ္ဌာန်းထားသည်။
ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲပေးခဲ့ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆန္ဒရယူရမည်ဖြစ်ပြီး လေးသုံး သုံးပုံနှင့်အထက် ထောက်ခံပါက ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရယူပြီး သမ္မတက သက်ဆိုင်ရာ နယ်နိမိတ်ကို ပြင်ဆင် သတ်မှတ်ပေးရမည်။
ထို့ပြင် နိုင်ငံတော် နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ရန် လိုအပ်ပါက သမ္မတသည် ပြည်ထောင်စု လွှတ်တော် အကြီးအမှူးထံ နယ်နိမိတ် ပြင်ဆင်သတ်မှတ်ရေးအတွက် ပြည်ထောင်စုလွှတ်တော်၏ သဘောထား ရယူပေးရန် ဦးစွာ အကြောင်းကြားရမည်ဟု ပြဋ္ဌာန်းထားသည်။
အကြောင်းကြားစာ ရရှိပါက ပြည်ထောင်စုလွှတ်တော် အကြီးအမှူးသည် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၏ ထက်ဝက်ကျော် ထောက်ခံမဲ၊ အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်များ၏ ထက်ဝက်ကျော် ထောက်ခံမဲ၊ ထိုလွှတ်တော်နှစ်ရပ်ရှိ သက်ဆိုင်ရာ နယ်နိမိတ်နှင့် အကျုံးဝင်သော တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၏ ထက်ဝက် ကျော် ထောက်ခံမဲ ရယူရမည်ဖြစ်သည်။
၎င်းလွှတ်တော် အသီးသီးမှ ကိုယ်စားလှယ်များက သဘောမတူကြောင်း ဆုံးဖြတ်လျှင် ပြည်ထောင်စု လွှတ်တော်၏ သဘောထားကို ရယူဆောင်ရွက်ရမည်ဖြစ်ကာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း လေးပုံ သုံးပုံနှင့်အထက်က ထောက်ခံလျှင် နယ်နိမိတ် ပြင်ဆင်သတ်မှတ်ပေးရန် သမ္မတထံ တင်ပြရမည်ဖြစ်ကာ လိုအပ်သလို ဆောင်ရွက်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်များအနက် ဖက်ဒရယ်ထက် ကျော်လွန်ကာ စဉ်းစားနေကြသကဲ့သို့ ကွန်ဖက်ဒရေးရှင်း အဆင့်ထက် မနိမ့်သည့် နိုင်ငံရေး အဆင့်အတန်းမျိုးလည်း လိုလားလျက်ရှိကြသည်။

တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့ ခေါင်းဆောင်များကို တွေ့ရစဉ်
မြန်မာနိုင်ငံရှိ လူမျိုးစုတိုင်းသည် ယဉ်ကျေးမှု၊ စီးပွားရေး၊ လူဦးရေ မတူညီကြသဖြင့် ပြည်ထောင်စုမှ ပေးပုံပေးနည်းများ ရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာန သို့ ပြောသည်။
၎င်းက “သူကတော့ နည်းနည်းကျယ်ပြန့်တယ်။ ကျယ်ပြန့်တယ်ဆိုတာ အဓိက,က ဘာလဲဆိုတော့ self-determination, နောက်တစ်ခါက ဖက်ဒရယ်, နောက်တစ်ခါ self-autonomy ပေါ့။ self-autonomy နဲ့ self-determination က တူသလိုလိုနဲ့ မတူဘူး။ အဲဒါလေးတွေလည်း နည်းနည်းသိဖို့လိုတယ်။ သိဖို့ လို တယ်ဆိုတော့ ကျနော်တို့က ရှိနေတဲ့ လူမျိုးစုတိုင်းကို ပေးဖို့ကြတော့ ခုနက ကျနော်ပြောသလိုပဲ လူဦး ရေ၊ demographic ရှိမယ်။ နောက်တစ်ခါ သူစွမ်းဆောင်နိုင်တဲ့ စီးပွားရေး အနေအထားပေါ့။ နောက် တစ်ခါ အရေးကြီးတာက ယဉ်ကျေးမှု background။ ကိုယ်ပိုင်ယဉ်ကျေးမှု လူ့အဖွဲ့အစည်း တစ်ခုရဲ့ ကြီး မားတဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု အဖွဲ့အစည်းတစ်ခု ရှိ၊ မရှိ ဒါမျိုးတွေ အပေါ်မှာ ကျနော်တို့ ကြည့်ရမှာ။ ကြည့်ရမယ်ဆိုတော့ အဲဒီဟာကို ပြောရမယ်ဆို နည်းနည်းကျယ်ပြန့်တယ်။ ပြည်ထောင်စု ကနေပြီးတော့ မှ ပေးတဲ့ ပေးပုံပေးနည်းတွေရှိတယ်။ နံပါတ်တစ်ကကြတော့ self-autonomy state ပေါ့။ self-autonomy state ဆိုတာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရ ပြည်နယ်ပေါ့။ ဥပမာပြောမယ်ဆိုရင် ဖိလစ်ပိုင်မှာဆိုရင် Bangsamoro ရဲ့ မွတ်ဆလင် autonomous region ဆိုတာ သပ်သပ်ပေါ်သေးတယ်။ သမ္မတ ဒူတာတေး လက်ထက်က။ နောက်တစ်ခါ အခုလက်ရှိ ကျနော်တို့ အိမ်နီးချင်းဆိုရင်တော့ အိန္ဒိယ အရှေ့ မြောက် ၈ ပြည်နယ်ပေါ့။ အဲဒီလိုမျိုးလေးတွေ ရှိတယ်။ အဲဒီဟာတွေကတော့ သူ့ရဲ့ sovereignty နဲ့ သူ့ရဲ့ ဆုံးဖြတ်ပိုင်ခွင့်ပေါ့ autonomy ဆိုရင် သူ့ရဲ့ဆုံးဖြတ်ပိုင်ခွင့်ကို အကန့်အသတ်တွေ လုပ်ထားတယ်။ အဲဒီ ဟာတွေ တော်တော်များများ ကျနော်တို့က ညှိနှိုင်းရဦးမှာ။ ဒါ self-autonomy state ပေါ့။ နောက် တစ်ဆင့်ကကြတော့ self-autonomy state ကနေမှ region ဆိုတာ တစ်ခါပြန်လာတယ်။ region က state လောက်တော့ မကျယ်ပြန့်ဘူး။ လူမျိုးစု အနေအထားကလည်း demographic က နည်းတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၁ ခုနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ၅ ခု စုစုပေါင်း (၆) ခု သတ်မှတ်ထားကာ “ဝ” သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဖြစ်သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအဖြစ် ကိုးကန့်သည် ရှမ်းပြည်နယ်အတွင်းရှိ ကုန်းကြမ်းနှင့် လောက်ကိုင် မြို့နယ်များ၊ ပလောင်သည် ရှမ်းပြည်နယ်အတွင်းရှိ နမ့်ဆန်နှင့် မန်တုံ မြို့နယ်များ၊ ဓနုသည် ရှမ်းပြည် နယ်အတွင်းရှိ ရွာငံ နှင့် ပင်းတယ မြို့နယ်များ၊ ပအိုဝ်းသည် ရှမ်းပြည်နယ်အတွင်းရှိ ဟိုပုန်း၊ ဆီဆိုင်နှင့် ပင်လောင်း မြို့နယ်များ၊ နာဂ သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လဟယ်၊ လေရှီးနှင့် နန်းယွန်း မြို့နယ်များတို့ကို ရရှိထားကြသည်။
