CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂

မြန်မာနိုင်ငံတွင် သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့က ငြိမ်းချမ်း‌ရေးလုပ်ငန်းစဥ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ လွှတ်တော်သည် မည်ကဲ့သို့ ပါဝင်လာနိုင်မလဲ ဆိုသည့်အပေါ် လွှတ်‌တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများအကြား စဉ်းစားမှုများရှိနေသည်။ 

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်တွင် ကျင်းပခဲ့သည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (ပဥ္စမနေ့)၌ နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီ ဖွဲ့စည်းခဲ့သည်။ 

အဆိုပါ ငြိမ်းချမ်းရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် မကွေးမဲဆန္ဒနယ်မှ ဦးစိုးတင့်နိုင်၊ အတွင်းရေးမှူးအဖြစ် မင်းလှ မဲဆန္ဒနယ်မှ ဦးရဲထွဋ်အောင်တို့ အပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

လွှတ်တော်တွင် ငြိမ်းချမ်းရေးကော်မတီ ဖွဲ့စည်းခြင်းသည် ငြိမ်းချမ်းရေးညီလာခံမှ ရရှိလာသည့် ဘုံသဘောတူညီ ချက်များကို အခြေခံဥပဒေအရ အာမခံနိုင်ရန်အတွက်ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် တွေ့ဆုံ ဆွေးနွေးခြင်းထက် အစိုးရ၏ ငြိမ်းချမ်းရေး ဆောင်ရွက်မှုများကို ထိန်းကျောင်းခြင်းဖြစ်သည်ဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက CNI သတင်းဌာနသို့ ပြောသည်။ 

 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ SNDP မှ လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ်

၎င်းက “လွှတ်တော်လမ်းကြောင်းကလည်း ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် ဆက်စပ်အောင် လေ့လာနိုင်အောင် အစိုးရအဖွဲ့ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေကို အားဖြည့်နိုင်အောင် လွှတ်တော်ကလည်း အသိအမှတ် ပြုနိုင်အောင်ပေါ့။ ငြိမ်းချမ်းရေး‌လမ်းစဉ်ကတော့ လက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ ကော်မတီတွေ လည်ပတ်ဆောင်ရွက်နေပြီ။ အဲဒီမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတို့၊ ပင်လုံညီလာခံတို့ ကျင်းပခဲ့ပြီးပြီ။ အဲဒီ ညီလာခံကနေပြီးမှ ထွက်လာခဲ့တဲ့ ဘုံသဘောတူညီချက်တွေရှိတယ်။ အဲဒီ ဘုံသဘောတူညီချက်ကို Union Accords ဆိုပြီး အစ်ကိုတို့က မှတ်တမ်းတင်ထားတယ်။ အချက်ပေါင်း သုံးဆယ်ကျော်ရှိတယ်။ အဲဒါကို ပုဒ်မနဲ့ ခွဲလိုက်ရင် အခြေခံဥပ‌ဒေနဲ့ တိုက်ပြီးတော့ အခြေခံဥပဒေအောက်ထဲကို အကျုံးဝင်သွားအောင် လုပ်မှာပေါ့။ အဲဒီတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနဲ့ ပင်လုံညီလာခံတို့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေ အားလုံးရဲ့ ဘုံသဘောတူညီချက်တွေကို အခြေခံဥပဒေအောက်မှာ ထည့်မယ်။ အခြေခံဥပဒေမှာ ပြင်ရမယ့် ကိစ္စတွေ ပြင်မယ်။ အခုလည်း အခြေခံဥပဒေပြင်ဆင်မှုကို လေ့လာမှုတွေ လုပ်နေပြီ။ ငြိမ်းချမ်းရေးညီလာခံက သဘောတူပြီးသား အချက်တွေက အခြေခံဥပဒေအရ အာမခံပြီးသား ဖြစ်ဖို့ လုပ်တာပါ။ အစိုးရရဲ့ ငြိမ်းချမ်းရေး ပေါ်လစီ၊ မူဝါဒတွေကို လေ့လာသုံးသပ်မယ်။ နောက်တစ်ခုက နိုင်ငံတကာမှာ ဒီလိုမျိုး လက်နက်ကိုင်ငြိမ်းချမ်းရေး ဘယ်လိုယူသွားတုန်း ဆိုတာကို လေ့လာမယ်။ ငြိမ်းချမ်းရေး လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ရိုက် ဆွေးနွေးတာ ဟုတ်ချင်မှ ဟုတ်မှာပါ။ ကျနော်တို့က အစိုးရရဲ့ လုပ်ဆောင်မှုတွေကို (Auditor) လုပ်တာကို ကော်မတီတွေက။ ဆိုတော့ အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု၊ လုပ်ဆောင်မှုတွေကို ကျနော်တို့က လွှတ်တော်က အသိအမှတ်ပြု နိုင်ဖို့၊ ကူနိုင်ဖို့ ဒီအပိုင်းတွေ ရှိပါတယ်” ဟု ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ ဆောင်ရွက်ရာတွင် အဓိကအားဖြင့် လွှတ်တော်သည် ပြည်သူကို ကိုယ်စားပြုသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည့်အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များ၌ လွှတ်တော်၏ အခန်းကဏ္ဍအား မဖြစ်မနေ ထည့်စဥ်းစားရန် လိုအပ်သည်ဟု နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။ 

အဓိကအားဖြင့် တိုင်းရင်းသားအားလုံး ညီညွတ်စွာ ငြိမ်းချမ်းရေးကို ဝိုင်းဝန်းဖော်ဆောင်မည့် သဘောမျိုးသာ ဖြစ်ကြောင်း၊ ကော်မတီ၏ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်များကို အသေးစိတ် တိုင်ပင်ဆွေးနွေးခြင်း မရှိသေးဘူး ဟု ငြိမ်းချမ်း‌ရေးကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်လှက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “အဓိက,ကတော့ တစ်တိုင်းပြည်လုံးပေါ့။ တိုင်းရင်းသားအားလုံးက ညီညီညွတ်ညွတ်နဲ့ ငြိမ်းချမ်းရေးကို ဝိုင်း၍ ဖော်ဆောင်ကြမယ်ဆိုတဲ့ သဘောပါပဲ။ အဲဒါတော့ ကျနော်တို့လည်း မဆုံကြသေးဘူး။ အားလုံး မိတ်ဆက် ပြီးမှ ကျနော်တို့ရဲ့ ရည်ရွယ်ချက်တွေ၊ လုပ်ငန်းဆောင်တာ အားလုံးကို ကျနော်တို့ လွှတ်တော်ဆင်းပြီးတဲ့ အချိန် ပေါ့၊  အဲဒီအချိန်မှာ ကျနော်တို့အားလုံး တွေ့ဆုံဖို့ ချိန်းထားပါတယ်။ အဲဒီအချိန်ပြီးမှပဲ ရည်ရွယ်ချက်တွေ ဘာရှိလဲ ဆိုတာ ချပြမှာဖြစ်ပါတယ်။ ကျနော်တို့က ဖွဲ့စည်းတဲ့သဘောပဲရှိတယ်၊ ကျနော်တို့လည်း ဘာမှမသိရသေးဘူးဗျ” ဟု ပြောသည်။ 

ပြည်သူ့လွှတ်တော်ကို တွေ့ရစဉ်

လက်ရှိ ငြိမ်းချမ်းရေးကော်မတီ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်သည် အဓိကအားဖြင့် စေ့စပ်ညှိနှိုင်းရေးနှင့် ငြိမ်းချမ်း ရေး လုပ်ဆောင်ချက်များကို အကြံပြုသည့် ပုံစံမျိုးဖြင့်သာ သွားနိုင်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ် ပါတီ(SNDP)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “လက်ရှိ အနေအထားမှာ တိုင်းပြည်ရဲ့ အနေအထားမှာ ကျနော်တို့က ပြုပြင်ပြောင်းလဲ ပြီးတော့ ကောင်း မွန်တဲ့ အရွေ့တစ်ခုကို တည်ဆောက်ဖို့ဆိုရင် ကျနော်တို့က ပြည်တွင်းပဋိပက္ခတွေ ချုပ်ငြိမ်း ပြီးတော့ ငြိမ်းချမ်းရေး ရဖို့လိုပါတယ်။ ဒါကြောင့် ကျနော်တို့က ဒေသတည်ငြိမ်အေးချမ်းမှု မရှိဘဲနဲ့ ပြည်တွင်း ပဋိပက္ခတွေ ရှိနေသေး တယ်ဆိုရင် ကျနော်တို့က ဘာကိုမှ ဒေသဖွံ့ဖြိုးရေးနဲ့ နိုင်ငံဖွံ့ဖြိုးရေး လုပ်လို့မရပါဘူး။ ဒါ‌ကြောင့် ငြိမ်းချမ်းရေးဟာ ပထမဖြစ်တဲ့အတွက် ကျနော်တို့ လွှတ်တော်မှာလည်း ဒီလို ကော်မတီကိုဖွဲ့ဖို့ ဆောင်ရွက်ရတာ ဖြစ်တယ်လို့ ကျနော့် အနေနဲ့ နားလည်တယ်ပေါ့။ ဒါကတော့ ကျနော်တို့က ကော်မတီမှာပါဝင်တဲ့ အဖွဲ့ဝင်တွေအနေနဲ့ ကြိုးစား အားထုတ်မှုအပေါ် မူတည်ပါတယ်။ ဆိုပါစို့ ကရင်ပြည်နယ်ရဲ့ အနေအထားကို ကရင်ပြည်နယ် လွှတ်တော်အမတ် က အသိဆုံးပါ။ သူ့ဒေသရဲ့ အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေ၊ အဖွဲ့အစည်းတွေရဲ့ သဘောထားတွေက သူအသိ ဆုံးဖြစ်တယ်။ ဒါတွေကို ကျနော်တို့က ဆွေးနွေးပြီးတော့ ကျနော်တို့ရဲ့ ကော်မတီတွေရဲ့ သဘောထားမှတ်ချက် တွေ၊ အကြံပြုချက်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ပြီးတော့ လုပ်ဆောင်သွားမယ့် အနေအထားမျိုးတော့ ကျနော့်အနေနဲ့ ယူဆတယ်။ နောက်ပြီးတော့ အဓိက,ကတော့ စေ့စပ်ညှိနှိုင်းရေးနဲ့ အကြံပြုတဲ့ အနေအထား တစ်ခုမှာတော့ ငြိမ်းချမ်းရေး ကော်မတီတွေက သွားနေလိမ့်မယ်လို့ ကျနော့်အနေနဲ့ ယုံကြည်တယ်ပေါ့” ဟု ပြောသည်။ 

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လွှတ်တော်အခန်းကဏ္ဍ မထည့်သွင်းလျှင် သဘောတူညီချက်များ လွှတ်တော်သို့ ရောက်ရှိလာသည့်အခါနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရန် သဘောတူညီချက်များ လွှတ်တော်သို့ ရောက် ရှိလာသည့် အခါများ၌ မလိုလားအပ်သည့် အငြင်းပွားမှုများဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှာ လွှတ်တော်အခန်းကဏ္ဍကို ထည့်သွင်းရန် စဉ်းစားသင့်ကြောင်း လွှတ်‌တော်ကိုယ်စားလှယ်များက ပြောသည်။