CNI News

၂၀၂၆ ခုနှစ်၊ မေလ ၂၇

မြန်မာနိုင်ငံတွင် မော်တော်ကား ဈေးနှုန်းများ အဆမတန် မြင့်တက်နေခြင်းနှင့်ပတ်သက်ပြီး ပြန်လည် ဆန်းစစ်ရန် လိုအပ်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းကောင်းသက်စံက CNI သတင်းဌာနသို့‌ ပြောသည်။

မြန်မာငွေ တန်ဖိုးကျဆင်းလာခြင်းကြောင့် ပြည်တွင်းရှိ လုပ်ငန်းရှင် အများစုသည် အိမ်ခြံမြေ၊ ရွှေ၊ ကား စသည့် လုပ်ငန်းများသို့ ဝင်ရောက်၍ ရင်းနှီးမြှုပ်နှံလာကြသလို ဈေးကွက်ကစားမှုများ ပြုလုပ်လာကြသည်။

ပြည်တွင်း ကားစျေးနှုန်းများ အဆမတန် မြင့်တက်လာရခြင်းသည် မူရင်းစက်ရုံထုတ် စျေးနှုန်းနှင့် ပြည်တွင်း ရောင်းစျေးတို့အကြားတွင် များစွာ စျေးနှုန်း ကွာဟမှုများ ဖြစ်နေကြောင်း၊ မည်သည့်အတွက်ကြောင့် ထိုသို့ ကွာဟမှုများ ဖြစ်သွားသလဲဆိုသည်ကို စနစ်တကျ ပြန်လည်ဆန်းစစ်ရန် လိုအပ်သည်ဟု ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းကောင်းသက်စံက CNI သတင်းဌာနသို့‌ ပြောသည်။ 

၎င်းက “ကျနော်တို့ ၂၀၁၂/၁၃ ဝန်းကျင်က လွှတ်တော် အခင်းအကျင်းလေးကို ပြန်လေ့လာကြည့်ရင် အဲဒီခေတ် အဲဒီကာလက ပြည်သူ အိမ်တိုင်းအိမ်တိုင်းက ကားစီးနိုင်တယ်။ ဆိုလိုချင်တာက Higet တစ်စီးကို လေးဆယ်၊ ငါးဆယ် Probox တစ်စီးကို တစ်ရာပေါ့။ အဲဒီလို ခေတ်ကာလကို ပြန်ရောက်ဖို့ လူနေမှုဘဝ အဆင့်အတန်းကို မြင့်မားဖို့ဆိုရင် အစိုးရရဲ့ နိုင်ငံရဲ့ ပေါ်လစီဟာ တည့်မတ် မှန်ကန်ဖို့လိုပါတယ် ဒါနံပါတ်တစ် အချက်ပေါ့နော်။ နံပါတ်နှစ်အချက်ကတော့ ကိုယ့်နိုင်ငံရဲ့ အနေအထားနဲ့ နိုင်ငံသားရဲ့ အခွန်အခတွေ ဒါတွေကိုလည်း ပြန်လည် သုံးသပ်ဖို့လိုတယ်။ သုံးအချက်ကတော့ သွင်းကုန် ဥပဒေတွေမှာ တချို့တချို့သော အရာတွေမှာ ခေတ်ကာလနဲ့ ပြန်လည်ဆန်းစစ်ပြီးတော့ ပြင်ဆင်ဖို့လိုတယ်။ အဲဒီလိုမဟုတ်ဘူး ဒီတိုင်းလေးပဲ ဆက်ဖြစ်နေမယ်ဆိုရင် ဥပမာ (Ford Ranger) ပဲဖြစ်ဖြစ် (Toyota Hilux Revo) ပဲဖြစ်ဖြစ် ထိုင်းနိုင်ငံကို ကျနော် ရောက်ခဲ့ပါတယ်။ ရောက်ခဲ့တဲ့ အခါမှာ ကျနော်တို့နိုင်ငံမှာက (Hilux Revo) တစ်စီးကို သိန်း(၂,၅၀၀) ကနေ (၃,၂၀၀) ကြားမှာရှိပါတယ်။ အဲဒီ တော့ လိုင်စင်နဲ့အပါကို သုံးထောင်ပဲဆိုပါစို့ ရှိတဲ့အချိန်မှာ တကယ့် တကယ်တမ်း Revo ထုတ်လုပ်တဲ့ ထိုင်းနိုင်ငံ မှာ သိန်းငါးရာကျော် ခြောက်ရာ၊ ခုနှစ်ရာ အလွန်ဆုံး ရှစ်ရာပေါ့နော် ကျနော်တို့နိုင်ငံက ဘာတွေကွာခြားမှု ရှိသွား တာလဲ ပြန်လည်ဆန်းစစ်ဖို့ လိုပါတယ်” ဟု ပြောသည်။ 

 EV ကား အားသွင်းစင်တာကို တွေ့ရစဉ်

ထိုသို့ စျေးနှုန်း ကွာဟမှုများသည် အစိုးရ၏ ပေါ်လစီအပေါ်၌ များစွာမူတည်ကြောင်း၊ ခေတ်နှင့် မလျော်ညီသည့် မူဝါဒများကို  ပြင်ဆင်ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းကောင်းသက်စံက  ဆက်ပြောသည်။ 

၎င်းက “အဓိက,ကတော့ ကျနော် ပြောသလိုပေါ့နော်၊ ဈေးနှုန်း ကွာခြားမှုဆိုတာက ကျနော်တို့ရဲ့ Government Policy ပေါ့နော်။ အစိုးရရဲ့ ပေါ်လစီပေါ်မှာ နံပါတ်တစ် မူတည်ပါတယ်။ နံပါတ်နှစ်ကတော့ ကျနော်တို့ကတော့ ဥပဒေတွေကို ပြန်လည်ပြီးတော့ သုံးသပ်ဖို့လိုပါတယ်။ ဒီနှစ်ချက်က အဓိကပါပဲ။ ဆိုလိုချင်တာကတော့ အခွန်အခ တွေ ပြန်ကြည့်ရမယ်။ တကယ့် တကယ်တမ်း ပြည်သူတွေရဲ့ ဝင်ငွေနဲ့ ဖြစ်နိုင်တဲ့ဟာမျိုး။ ဆိုလိုချင်တာကတော့ ကျနော်တို့က လူတန်းစေ့ ကားစီးနိုင်ဖို့ ကားဈေးနှုန်းတွေ ပြန်ကျဖို့ဆိုရင် ကျနော်တို့က လက်ရှိ ရှိနေတဲ့ အနေ အထားကို ပိုကောင်းမွန်အောင် ဥပဒေတွေ ပြန်လည်ပြင်ဆင်ဖို့ လိုပါတယ်။ အစိုးရရဲ့ Government Policy မှာ လည်း တချို့တချို့သော အရာတွေက ပြောင်းလဲနိုင်ဖို့ လိုပါတယ်။ တကယ်လို့ မပြောင်းလဲနိုင်ဘူးဆိုရင် နိုင်ငံ့ ဝန်ထမ်း တစ်ယောက်အ‌‌နေနဲ့ သာမန်ဝန်ထမ်း ဦးစီးတစ်ယောက်အနေနဲ့ ကားစီးနိုင်ဖို့ အခွင့်လမ်းတွေ နည်းပါ တယ်။ ကျနော်တို့ အရစ်ကျ ပုံစံလေးတွေ လုပ်ကြမယ် ဘယ်နှစ်နှစ် အရစ်ကျပေါ့ စသဖြင့် အဲ့လိုပုံစံမျိုးတွေနဲ့ ဆောင်ရွက်ပေးမယ် ဆိုရင်တော့ ကားဈေးနှုန်းတွေရော၊ မော်တော်ဆိုင်ကယ် မော်တော်ကား ဒါတွေလည်း ဈေးနှုန်းတွေက ထိုက်သင့်အလျောက် ပြန်လည် ကျဆင်းလာမယ်လို့ ကျနော်အနေနဲ့ ယူဆပါတယ်” ဟု ပြော သည်။

လက်ရှိ ကား‌စျေးနှုန်းများ မြင့်တက်လာခြင်း၏ အကြောင်းအရင်းသည် အစိုးရ၏ မူဝါဒကြောင့်‌သာ ဖြစ်ကြောင်း၊ အစိုးရ၏ မူဝါဒအပေါ် မူတည်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “ဒုတိယအချက် အနေနဲ့ ပြန်ပြောမယ်ဆိုရင် အစိုးရအနေနဲ့ကျတော့ မော်တော်ယာဉ် တစ်စီးတစ်စီး တင်သွင်းလိုက်တိုင်း ပြည်ပကနေ တင်သွင်းလာရင် ဒေါ်လာသုံးရပါတယ် ၊နိုင်ငံခြားငွေသုံးရပါတယ်။ ဆိုတော့ ဒီနိုင်ငံခြားငွေက အစိုးရမှာ အလုံ‌အလောက် ရှိနေရင်တော့ ပြည်သူတွေ ကြိုက်သလောက်စီးပေါ့။ ဥပမာ-သန်း ၆၀ ရှိတဲ့ ပြည်သူက ကားသန်း ၆၀ သွင်းလိုက်လည်း ပြဿနာမရှိဘူး။ ဒါပေမယ့် ပြည်သူကကျတော့ ကျပ်နဲ့ ဒီဘက်မှာ ရှာဖွေနေရတဲ့ အခြေအနေမှာ ဒေါ်လာနဲ့ တင်သွင်းဖို့ကျတော့ အစိုးရအနေနဲ့ ဒီဒေါ်လာကို ကြားထဲကနေပြီးတော့ ငွေကြေး စိုက်ထုတ်ပြီးတော့ သုံးစွဲပေးဖို့အတွက်ကျတော့ အခက်အခဲတွေရှိပါတယ်။ ဆိုတဲ့ အတွက်ကြောင့်မို့လို့ အဓိက လိုအပ်တဲ့ အခြေခံဖြစ်တဲ့ စက်သုံးဆီဈေးနှုန်းတွေ၊ စားသုံးဆီ ဈေးနှုန်းတွေ တည်ငြိမ်အောင် ထိန်းကျောင်း နေရတဲ့ အစိုးရအတွက် မော်တော်ယာဉ် တင်သွင်းခွင့်ကို ကန့်သတ်ထားတာလည်း ဖြစ်ပါတယ်။ ဒါက အစိုးရဘက် က မူဝါဒဖြစ်ပါတယ်။ အဲဒီလို ကန့်သတ်လိုက်တဲ့အခါမှာ ဘာပြဿနာတွေ သွားရှိလဲဆိုတော့ နိုင်ငံခြားမှာ လွန်ခဲ့တဲ့ ၂၀၁၅ (တုန်းက) သိန်း ၁၀၀ တန်ကားက အခုလည်း အလွန်ဆုံးတက်ရင် သိန်း ၁၂၀ ပေါ့။ သို့သော် မြန်မာနိုင်ငံမှာတော့ သိန်း ၁၀၀ တန်ကားက သိန်း ၁၀၀၀ လောက် ဖြစ်သွားပြီဆိုတဲ့ အခြေအနေ ဘာ‌ကြောင့် ဖြစ်ရလဲလို့ ပြန်ပြောရရင် ဒီမူဝါဒကြောင့် ပထမတစ်ချက် ဖြစ်သလို တင်သွင်းလာတဲ့ ကား Showroom company တွေကတော့ ဒီလို ၁၀ ဆတက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကားကုမ္ပဏီတွေက၊ ကားတင်သွင်းသူတွေက၊ Trader တွေ က ကားဈေးကွက်ကို ကစားနေတာ မဟုတ်ဘဲနဲ့ အစိုးရမူဝါ‌ဒတွေပေါ်မှာ လိုက်ပြီးတော့ ကားဈေးနှုန်းက အပြောင်းအလဲ ဖြစ်နေတာလို့ သုံးသပ်ပေးရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

EV ကား အားသွင်းစင်တာကို တွေ့ရစဉ်

ထို့အပြင် အစိုးရအနေဖြင့် လျှပ်စစ်ကား တင်သွင်းခွင့်နှင့် လျှပ်စစ်ကား ပြည်သူများ အသုံးပြုရန် အတွက်ကို တွန်းအားပေးနေကြောင်း၊ စက်သုံးဆီသုံး ကားများ တင်သွင်းရန် အတွက်ကို ကန့်သတ်ချက် များစွာထားရှိ ခြင်းကြောင့် ကားစျေးနှုန်း မြင့်တက်လာခြင်းဖြစ်သည်ဟု ဦးအောင်ပြည့်စုံက ဆက်ပြောသည်။ 

၎င်းက “အစိုးရရဲ့ မူဝါဒက ပြီးခဲ့တဲ့ အရင်အစိုးရက မူဝါဒအတိုင်းပဲ ဆက်ပြီး ကိုင်စွဲထားတာပေါ့နော်။ ဒီလို ကိုင်စွဲ ထားတဲ့ ကားဈေးနှုန်းက ဆက်ပြီးဖြစ်နေတယ်။ ပြောမယ်ဆိုရင် လျှပ်စစ်ကား တင်သွင်းခွင့်တွေနဲ့ လျှပ်စစ်ကား ပြည်သူတွေ အသုံးပြုဖို့ကို တွန်းအားပေးထားတယ်။ ပြောရင် လောင်စာဆီသုံးကားတွေ ကန့်သတ်ချက်တွေကို ဆက်ပြီးထားရှိထားတယ်။ ပြီးသွားတော့ ပြည်ပကနေ ကားတင်သွင်းဖို့အတွက် ကန့်သတ်ချက်တွေ အများကြီး ထားထားတယ်။ ဒီအတွက်ကြောင့် ကားဈေးနှုန်းတွေ တက်တယ်။ ပြည်ပက ကားတင်သွင်းခွင့်နဲ့ ပတ်သက်ပြီး ဖြေလျော့မှုတွေ လုပ်မယ်။ EV ကားတွေအပြင် စက်သုံးဆီသုံး ကားတွေကိုလည်း တင်သွင်းခွင့်ကို အထိုက် အလျောက် ပြန်ပေးမယ်။ ပြည်တွင်းမှာ SKD စနစ်နဲ့ ကားတွေကို SKD ဆိုတာက Semi-knocked Down ဖြစ်ပါ တယ်။ တင်သွင်းမယ် ဒီဘက်မှာ ထုတ်လုပ်မယ် ပြီးသွားရင် တပ်ဆင်မယ် ပြည်တွင်းမှာပဲ ရောင်းချမယ်ဆိုတဲ့ စနစ်နဲ့ ကားကုမ္ပဏီတွေကို ပိုပြိးတော့ မြိုင်မြိုင်ဆိုင်ဆိုင် များများစားစား ဖြစ်လာအောင်လို့ အစိုးရအနေနဲ့ လုပ် ဆောင်ဖို့ လိုအပ်တယ်” ဟု ပြောသည်။ 

မြန်မာနိုင်ငံတွင် ကား‌စျေးကွက်သည် အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရသလို ကားစျေးနှုန်း   မြင့်တက်လာခြင်း ဖြင့်လည်း ရင်ဆိုင်နေကြရသည်။ 

ထို့အပြင် စုံ/မ သတ်မှတ်ချက်များကြောင့် EV ကားစျေးနှုန်းသည် တစ်စီးလျှင် ၂၅ ရာခိုင်နှုန်း တက်သွားကာ ကျပ်သိန်း ၂,၀၀၀ ဝန်းကျင်အထိ ဖြစ်လာသည်ဟု သိရသည်။ 

အဆိုပါ အခြေအနေများကို လွှတ်တော်ကလည်း ပြန်လည် ထိန်းကြောင်းရန် လိုအပ်နေသလို အစိုးရကလည်း ကားတင်သွင်းခွင့် ပါမစ်များ ပြန်လည်ဖွင့်ပေးရန် လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြ သည်။