CNI News

၂၀၂၆ ခုနှစ်၊ မေလ ၂၈ 

မြန်မာနိုင်ငံရှိ ပြည်တွင်း ထုတ်ကုန်လုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်‌ရန်အတွက် အားသွန်ခွန်စိုက် လုပ်ကိုင်ဆောင် ရွက်ရန် လိုအပ်သလို အစိုးရကလည်း ကူညီထောက်ပံ့ပေးရန် လိုအပ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များနှင့် စီးပွား‌ရေးလုပ်ငန်းရှင်များက ထောက်ပြ ကြသည်။  

လက်ရှိ အစိုးရသစ်သည် ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၀ ရက်အထိ ရက် ၁၀၀ စီမံကိန်းကို အကောင် အထည် ဖော်သွားမည်ဖြစ်ကြောင်း၊ ထို ရက် ၁၀၀ စီမံကိန်းတွင် တောင်သူလယ်သမားများ၏ ချေးငွေ တိုးမြှင့် ချေးပေးနိုင်ရေး၊ ကုန်သွယ်ရေး၊ ငြိမ်းချမ်းရေး၊ စွမ်းအင် စသည့် ကိစ္စရပ်များ ပါဝင်သည်။ 

အစိုးရအနေဖြင့် အိမ်တွင်းစက်မှုလုပ်ငန်းများ ယခုထက် ပိုမိုတိုးတက်ရေးအတွက် ထိထိ‌ရောက်ရောက် ကူညီ ဆောင်ရွက်‌ပေးရန် လိုအပ်ကြောင်း၊ သို့မှသာ တိုင်းပြည်စီးပွားရေးအတွက် များစွာ အထောက်အကူ ဖြစ်မည်ဖြစ်ပြီး ရေရှည်အတွက် အဆင်ပြေနိုင်မည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြော သည်။ 

၄င်းက “အိမ်တွင်း စက်မှုလုပ်ငန်းတွေက Food products တွေ ထုတ်တာတို့၊ ဘာတို့ လုပ်ငန်းတွေ ကျနော်တို့ လည်း လေ့လာပေးနေတယ်။ အကယ်၍ ပြည်သူတွေကို ဖြန့်ဝေလို့ရရင်လည်း ဖြန့်ဝေပေးမယ်။ အဲဒီလို လုပ်ငန်း မျိုးတွေနဲ့ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ထွက်ကုန်တွေနဲ့ ပတ်သက်ပြီးတော့ Value Added လုပ်‌နိုင်အောင်လို့ နိုင်ငံ တော်ကလည်း နည်းပညာနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ရင်တော့ အောင်မြင်နိုင်တယ်ဆိုတာက အားပေးရမှာဗျ။ MSME လေးတွေလည်း ဖြစ်စေချင်တယ်ဆိုတဲ့ နိုင်ငံတော်က စေတနာပဲရှိတာ။ တကယ်တမ်းကျတော့ နည်းပညာ၊ စက်ကိရိယာ၊ ဘာညာ အကုန်လိုတယ်။ နောက် ထုတ်ကုန်အသစ်တွေ ဘယ်လို ထုတ်နိုင်တယ်ဆိုတာကို အားပေး သင့်တယ်။ အဲ့ဒီကျမှပဲ တော်တော်များများ လုပ်ငန်းရှင် ပြည်သူကလည်း ဒီအပေါ်မှာ ထုတ်လုပ်မှု အပေါ်မှာ စိတ်ဝင်စားလာပြီးတော့ လုပ်နိုင်ကြမယ်ဗျ။ အခုက အများအားဖြင့် စီးပွားရေးအမြင်နဲ့ သုံးသပ်ရင် Online Shopping သမားပဲများတာဗျ အောက်ခြေ စီးပွားရေးမှာလည်း။။ တကယ် ကုန်စည်ထုတ်ပြီးတော့ ကုန်စည်ကို Product နဲ့ လုပ်နိုင်တဲ့ လူက Percentage တော်တော်နည်းသေးတယ်ဗျ။ ထုတ်လုပ်မှု မရှိဘဲနဲ့တော့ နိုင်ငံတစ်ခု က ကြာကြာရပ်တည်ဖို့က ခက်မယ်။ ထိုင်းမှာတောင် စိုက်ပျိုးရေးနဲ့ ထုတ်လုပ်မှုကို တွဲရသေးတာပဲ။ ကျနော်တို့ လည်း ထုတ်လုပ်မှုကို မတွဲရင်တော့ ရေရှည်‌ရပ်တည်ဖို့က ခက်မယ်လို့ ကျနော်မှန်းတယ်ဗျ။ စွန့်ဦးတီထွင်လုပ်တဲ့ သူကလည်း နည်းတဲ့အခါကျတော့ ဒီ Industry ကဏ္ဍမှာ မဖွံ့ဖြိုးဘူးပေါ့ဗျာ။ မဖွံ့ဖြိုးတော့ ရင်းနှီးမြှုပ်နှံမယ့်သူတွေ ကလည်း ရင်းနှီးမမြှုပ်နှံဘူး။ အိမ်ခြံမြေ၊ ရွှေ၊ ကား ဒါပဲ သူတို့က အမြတ်စွန်းရမယ် ရင်းနှီးမြှုပ်နှံလိုက် မြတ်မယ်။ သေချာတာကတော့ မြေဝယ်ရင် မရှုံးဘူးဆိုတဲ့ စကားလုံးတွေလည်းရှိတယ်” ဟု ပြောသည်။ 

သမ္မတ ဦးမင်းအောင်လှိုင်က အသေးစား လုပ်ငန်းရှင်များနဲ့ တွေ့ဆုံစဉ်

စီးပွားရေး ကောင်းမွန်လာရန်အတွက် မြန်မာနိုင်ငံ အနေဖြင့် စီးပွား‌ရေး ပတ်ဝန်းကျင်နှင့် စီးပွားရေးစနစ် ကောင်း မွန်ရန် လိုအပ်ကြောင်း၊ ထို့နောက် စျေးကွက် စီးပွားရေးစနစ်ကို ပီပြင်အောင် အကောင်အထည်ဖော်ရန်လည်း လိုအပ်ကြောင်း စီးပွားရေးလေ့လာသူများက အကြံပြုကြသည်။

ထို့အပြင် အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ဆောင်ရွက်ရာတွင်လည်း‌ ရေရှည်ကို ‌ရှေးရူကာ နိုင်ငံ့ အတွက် အမှန်တကယ် အကျိုးရှိမည့် ပရောဂျက်နှင့် ကြွေးမှီ မဖြစ်အောင်လည်း လုပ်‌‌‌ဆောင်ရန် လိုအပ်သည်ဟု ၎င်းတို့က ထောက်ပြကြသည်။ 

မြန်မာနိုင်ငံတွင် ပြည်သူများသည် လုပ်ငန်းများအပေါ်၌ ရင်းနှီးမြှုပ်နှံသည့် ပုံစံမျိုးထက် ပစ္စည်းများအပေါ်၌သာ ရင်းနှီးမြှုပ်နှံသည့် စျေးကွက်မျိုးဖြစ်နေကြောင်း၊ ပြည်သူများအနေဖြင့် နိုင်ငံပိုမိုဖွံ့ဖြိုးတိုးတက်စေမည့် လုပ်ငန်း များအပေါ်တွင် ရင်းနှီးမြှုပ်နှံသည့် ပုံသဏ္ဍာန်မျိုး ဖြစ်သင့်သည်ဟု ပြည်သူ့ရှေ့‌ဆောင်ပါတီ(PPP)မှ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက်က CNI သတင်းဌာနသို့ ပြောသည်။ 

သမ္မတ ဦးမင်းအောင်လှိုင်က အသေးစား လုပ်ငန်းရှင်များနဲ့ တွေ့ဆုံစဉ်

၎င်းက “အဓိကအားဖြင့်တော့ အလုပ်တွေ များများဖန်တီးဖို့ လိုတယ်။ လူတိုင်း အလုပ်ရှိဖို့လိုတယ်။ ငွေကြေး လည်ပတ်မှုပေါ့နော် ငွေကြေးတွေ တစ်နေရာမှာ အိပ်နေတာထက်ကို ဈေးကွက်ထဲမှာ ငွေကြေးလည်ပတ်မှု ဒီထက်ပိုပြီး မြန်မြန်ဆန်ဆန် ဖြစ်လာဖို့လိုမယ်။ ကျနော်တို့ မြန်မာနိုင်ငံက Investment တော့ လုပ်ကြတယ်။ ဘယ်လိုနေရာမှာ Investment လုပ်လဲဆိုတော့ အိမ်ခြံမြေ ဝယ်တယ်၊ ကားတွေဈေးကိစ္စတွေ ကြားရင် ကားတွေ ကြိုဝယ်တာမျိုးတွေ စသဖြင့်ပေါ့နော်။ ဆိုလိုချင်တာက Develop ဖြစ်စေမယ့် လုပ်ငန်းမျိုးတွေမှာ Investment လုပ်တာမျိုး မဟုတ်ဘဲနဲ့ ပစ္စည်းတွေအပေါ်မှာ Investment လုပ်တဲ့ ဈေးကွက်လိုမျိုးကြီး ဖြစ်နေတယ်။ တီထွင် ဖန်တီးမှုတွေကို အားမပေးတာမျိုးတွေ ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ဒီဟာနဲ့ပတ်သက်ပြီးတော့ ‌ဖြေးဖြေးချင်းတော့ မူဝါဒအရ ပြန်ပြင်ဖို့ လိုမယ်လို့ထင်တယ်။ တချို့နေရာတွေမှာ လက်ဝါးကြီး အုပ်နေတဲ့ကိစ္စမျိုးတွေ ဥပမာ အိမ်ခြံ‌ မြေတွေမှာ ငွေတွေ အများကြီး ရင်းထားပြီးတော့ လုပ်နေတဲ့ဟာမျိုးတွေ။ ဒီဟာနေပြီးတော့ အိမ်ခြံမြေ‌ ဈေးကွက် တွေ ကောင်းနေတယ်ဆိုတာက နိုင်ငံအတွက် မကောင်းတာတော့ မဟုတ်ဘူး။ သို့ပေမယ့် အဓိကအားဖြင့်တော့ ထုတ်ကုန်ပမာဏ တိုးမြှင့်နိုင်ဖို့လိုတယ်။ ဒါမှသာ Export Earnings တွေရမယ်။ Export Earning ရမှ ခုနက ပြော သလို အခြား ဘက်ပေါင်းစုံကနေ အဆင်ပြေမယ်။ အခုက Exports မရှိဘဲနဲ့ Import တွေများနေတာ ဖြစ်တဲ့ အတွက်ကြောင့် နိုင်ငံက အမြဲတမ်း Buget ဝင်ငွေကျနေတဲ့ အနေအထားမှာ ရှိနေတာဆိုတော့ လုပ်ရကိုင်ရတာ နည်းနည်းတော့ ခက်ပါတယ်” ဟု ပြောသည်။ 

စီးပွားရေးနှင့်ပတ်သက်ပြီး အမှန်တကယ် လုပ်နိုင်သည့်သူကို အစိုးရအနေဖြင့် အမှန်တကယ် ထောက်ပံ့ရန် လိုအပ်ပြီး အဂတိကင်းကင်းဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီမံကိန်းများကို ဖော်ဆောင်ရာတွင်လည်း ရေတိုကိုမကြည့်ဘဲ ရေရှည်ကို ဦးစားပေး စဥ်းစားရန် လိုအပ်သည်။ 

မြန်မာနိုင်ငံအစိုးရသည် ပြည်တွင်း ကုန်ထုတ်လုပ်ငန်းများကို အားပေးလျက်ရှိသော်လည်း ဈေးကွက် ရှာဖွေပေး ခြင်းနှင့် နည်းပညာ ထောက်ပံ့ကူညီခြင်းများ အားနည်းလျက်ရှိသည်။