CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၆

မြန်မာနိုင်ငံ၏ အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်တွင် အိမ်ခြံမြေများ၊ တိုက်ခန်းများ၊ ကွန်ဒိုများနှင့် အိမ်ရာများ တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်လာနိုင်၍ ဈေးနှုန်းများ မြင့်တက်လာနိုင်သည့်အတွက် အိမ်ခြံမြေ အရောင်းပြ ခန်းများဖြင့် ဈေးကွက်ကို ဆွဲခေါ်နေမှုများ ပြုလုပ်နေကြသည်ဟု အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိ ပြည်တွင်းတွင် ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် ယခင်ကထက် ပြီးခဲ့သည့် ၂ နှစ်ထက် ၂ ဆမှ ၃ ဆအထိ ဈေးနှုန်း မြင့်တက်နေကြောင်း၊ ထို့ကြောင့် အိမ်ခြံမြေ ဈေးကွက်အပေါ် ရင်းနှီးမြှုပ်နှံ လာနိုင်ခြင်းကြောင့် အိမ်ခြံမြေ အရောင်းပြပွဲဖြင့် ရောင်းဝယ်မှု ပြုလုပ်နေကြခြင်း ဖြစ်ကြောင်း ရတနာဂီရိ အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းမှ CEO ကိုဇေယျက CNI သတင်းဌာနသို့ ပြောသည်။

ကိုဇေယျက “ဖြစ်နေတဲ့ဟာက အရောင်းပြခန်းဆိုတာက လက်ရှိ လုပ်စရာအလုပ်က သိပ်မရှိတော့ဘူးလေ။ ရင်းနှီး မြှုပ်နှံမှုမှာ လက်ရှိမှာ မြေတွေမြှုပ်မယ်၊ ကွန်ဒိုတွေ မြှုပ်မယ်၊ ရွှေတွေ မြှုပ်မယ် စသည်အားဖြင့်ပေါ့နော်။ အခု လက်ရှိ ရွှေတွေဆိုလည်း ဆထက်မက တက်သွားပြီ အခုလက်ရှိ။ ကုန်ဈေးနှုန်းလည်း ဆထက်မက တက်သွား တယ်။ အဲဒီအပေါ်မှာ မြေဈေးရဲ့ နှိုင်းယှဉ်မှု အရပေါ့နော် မြေဈေးက အခုက ဒေါ်လာဈေးက ၃ ဆ တက်သွား တယ်ဆိုလို့ရှိရင် မြေဈေးကလည်း ထိုက်သင့်သလောက် တက်ရမှာပေါ့နော်။ ဒါပေမယ့်လို့ အခုလက်ရှိ တက်တာ က ရွှေဈေးနဲ့ ဒေါ်လာဈေးတို့ရဲ့ နှုန်းထားကို မမှီသေးဘူး။ အဲတော့ မြေပေါ်မှာ ရင်းနှီးမြှုပ်နှံမှု များလာနိုင်တယ်ဆို တဲ့ အနေအထားတစ်ခုရှိလို့ ပြပွဲတွေက လုပ်ပြီးတော့ အရောင်းအဝယ် လုပ်နေကြတယ်။ အဓိက မျှော်လင့်ကြတာ ပေါ့နော်။ ဥပမာဆိုလို့ရှိရင် ရွှေဈေး ၃ ဆ တက်သွားတယ် ဆိုလို့ရှိရင် အရင်က ၁၃၀၀ တန်တယ်ဆိုလို့ရှိရင် အခုက ၃၀၀၀ တန်သွားပြီ။ လက်ရှိ ၂ ဆကျော်သွားပြီ။ မြေဈေးမှာလည်း ၂ ဆကျော် ဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆတွေနဲ့ လက်ရှိ အရောင်းအဝယ်တွေကို ပိုခေါ်ကြတယ်၊ ပိုလုပ်နေကြတယ်။ အဲဒီအပေါ်မှာ ရောင်းဖြစ် ဝယ်ဖြစ်အောင်လို့ ပြပွဲတွေ လုပ်ပြီးတော့ ရောင်းနေတယ်လို့ ကျနော်ကတော့ အဲဒီလို အောက်မေ့တယ်” ဟု ပြောသည်။

အိမ်ခြံမြေ အရောင်းပြခန်းကိုတွေ့ရစဉ်

အိမ်ခြံမြေ အရောင်းပြပွဲများ ပြုလုပ်ခြင်းအားဖြင့် ဈေးကွက်အပေါ် ချက်ချင်း သက်ရောက်မှု ရှိလာမည် မဟုတ်သေးကြောင်း၊ တိုင်းပြည်၏ စီးပွားရေး လုပ်ကိုင်၍ လွယ်ကူမှုနှင့် ခက်ခဲသည့် အခြေအနေပေါ် မူတည်၍လည်း အိမ်ခြံမြေဈေးကွက်အပေါ် သက်ရောက်မှု ဖြစ်ပေါ်နိုင်သည်ဟု အိမ်ခြံမြေရောင်းဝယ်သူများက ပြောသည်။

အိမ်ခြံမြေ အရောင်းပြပွဲများကို ရန်ကုန်မြို့တွင် အများဆုံး လုပ်ဆောင်နေကြပြီး အနည်းဆုံး ၆ ခုခန့်ရှိကြောင်း၊ မန္တလေးမြို့တွင်လည်း အရောင်းပြပွဲများကို လုပ်ဆောင်နေကြပြီဖြစ်ကြောင်း သိရသည်။

အရောင်းပြပွဲ လုပ်ရာတွင် ငွေအင်အား၊ လူအင်အားနှင့် ကြော်ငြာ အများအပြား အသုံးပြုနိုင်သည့် ကုမ္ပဏီအနေ ဖြင့် အားသာချက် ရှိသွားမည် ဖြစ်သည်ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူ တစ်ဦး က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒါမျိုးကတော့ အဲဒါတော့ လုပ်တော့ လုပ်နေကြတာပဲ။ ဒါပေမယ့်လို့ မြန်မာနိုင်ငံမှာက real estate law နဲ့ ပတ်သက်လို့ အတိအကျ မရှိသေးတဲ့အတွက် ဒီရုံးခန်းကို အပ်ပြီးတော့ ဒီရုံးခန်းနဲ့ ရောင်းဝယ်ရမယ်ဆိုတဲ့ ဥပဒေ က မရှိသေးဘူး။ မရှိသေးတဲ့အတွက် သူ့ဟာသူ ဘယ်လိုပဲ ကြော်ငြာကြော်ငြာ ကုမ္ပဏီကြီး တစ်ခုအနေနဲ့ ဥပမာ ရွှေတောင်ကြားမှာရှိတဲ့ အကွက်တစ်ခုကို ကြော်ငြာမယ်၊ တာမွေမှာရှိတဲ့ အကွက်တစ်ခုကို ကြော်ငြာမယ်၊ အဲဒီလို ကြော်ငြာသလို အပ်တဲ့သူက တခြားရုံးခန်းကို အပ်ရင်လည်း အပ်မယ်။ အပ်တဲ့နေရာမှာ ဒါကတော့ ကြော်ငြာတဲ့ နေရာမှာ ဆွဲဆောင်တဲ့နေရာမှာ ကာစတန်မာရဲ့ စိတ်ဝင်စားမှုကို မြင့်တက်အောင် လုပ်တာပေါ့။ မြင့်တက်အောင် လုပ်တော့ သူ့ရုံးခန်းမှာ များများလာရင် သူ့ရုံးခန်းမှာ များများဝင်မယ်ဆိုတဲ့ အတွေးပဲ ရှိတယ်။ မြန်မာနိုင်ငံမှာက တော့ အဲလိုဖြေသာတဲ့အတွက် ရုံးခန်းကလူတွေ ပြပွဲလုပ်တဲ့အတွက် အဲဒီပြပွဲအတွင်းမှာ ရှိနေတဲ့ ကွန်ဒိုတွေ၊ တိုက် ခန်းတွေကို အဲဒီလူနဲ့ ရောင်းပါ့မယ်ဆိုတဲ့ အဖြေတော့ မထွက်ဘူး။ မထွက်တဲ့အတွက် ကျန်တဲ့ အကျိုးဆောင်ဆီ သွားရင် သွားမှာပဲ။ အကျိုးဆောင်က ပြတာကိုလည်း ပုဂ္ဂလိကက သူ့ဟာသူ သွားဝယ်ချင်ရင်လည်း သွားဝယ်မှာပဲ အဲလိုကတော့ ရှိနေတာပေါ့။ ဒါပေမယ့် အကျိုးဆောင်ချင်း တူရင်တော့ အဲဒါမျိုး အုံနဲ့ ကျင်းနဲ့၊ အင်နဲ့ အားနဲ့ လူ စိတ်ဝင်စားအောင် ကြော်ငြာနိုင်တဲ့ အကျိုးဆောင်ကတော့ ငွေအင်အားလည်း သုံးမယ်၊ လူအင်အားလည်း သုံးမယ်၊ ကြော်ငြာအားလည်း သုံးမယ်ဆိုရင်တော့ တိုးတက်မှု မြန်ဆန်တာပေါ့” ဟု ပြောသည်။

အိမ်ခြံမြေ အရောင်းပြခန်းကိုတွေ့ရစဉ်

လက်ရှိတွင် အိမ်ခြံမြေ ဈေးကွက်အတွင်း၌ မြေကွက်များသည် ပုံမှန်အရောင်းအဝယ်ရှိနေပြီး၊ တိုင်ခန်းများနှင့် ကွန်ဒိုများ ဝယ်ယူမှုသည်လည်း အတန်အသင့် ရှိနေကြောင်း၊ အိမ်ရာများ အပိုင်းတွင် ဝယ်ယူမှု နှေးနေသည့် အခြေအနေတွင် ရှိနေသည်ဟု သိရသည်။

အိမ်ခြံမြေ ဈေးကွက်အနေဖြင့် သင်္ကြန်ကာလ နောက်ပိုင်း ဇွန်လအထိ အရောင်းအဝယ် ကောင်းလာနိုင်ကြောင်း အိမ်ခြံမြေဈေးကွက်အတွင်းမှ သိရသည်။

ထို့နောက် ရွေးကောက်ပွဲကာလ နီးလာချိန်မှာတော့ အရောင်းအဝယ် အေးသွားနိုင်ပြီး စောင့်ကြည့်မှုများသာ ရှိလာ မည်ဟု အိမ်ခြံမြေဈေးကွက် လေ့လာသူများက သုံးသပ်နေကြသည်။