CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၉

မြန်မာနိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စွမ်းအင်အရေး မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီသံအမတ်ကြီးဖြစ်သူ မစ္စတာ ဆာအု(ဒ်)ဘင်အဗ္ဗဒူ(လ်)လာ အယ်စုဘိုင်နှင့် နစက၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်တို့ မတ်လ ၁၈ ရက် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆော်ဒီသံအမတ်ကြီးသည် မတ်လ ၁၈ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ခန့်အပ်လွှာ ကို နစကဥက္ကဋ္ဌထံ ပေးအပ်ခဲ့ပြီးနောက် မြန်မာ-ဆော်ဒီ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု အရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

နစက-က ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ဆောင်ရွက်နေမှု အခြေအနေများကို ချပြဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့နောက် ယုံကြည်ကိုးကွယ်မှု မတူညီသူများအကြား သဟဇာတဖြစ်မှု၏ အရေးကြီးမှု၊ မြန်မာနိုင်ငံနှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့အကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စွမ်းအင် စသည့် ကဏ္ဍတို့တွင် ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်ဟုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

သို့သော် မည်သည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရေးနှင့် စွမ်းအင်လိုအပ်ချက် မည်သို့ဖြည့်တင်းနိုင်ရေး ဆွေးနွေးခဲ့သည် ကိုတော့ ဖော်ပြထားခြင်းမရှိပေ။

လက်ရှိ မြန်မာနိုင်ငံတွင် စွမ်းအင်လုံလောက်မှု မရှိသည့်အတွက် လျှပ်စစ်မီးများ ၂၄ နာရီ ဝန်ဆောင်မှု မရရှိဘဲ ပြတ် တောက်မှုများ ဖြစ်ပေါ်နေခြင်းနှင့်အတူ လုပ်ငန်းခွင်များ ထိခိုက်မှုများ ဖြစ်ပေါ်နေကြောင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အား နည်းနေခြင်းကြောင့် အလုပ်အကိုင် အခွင့်အလှမ်းများ ရှားပါးနေကြောင်း၊ ပြည်တွင်း စီးပွားရေးကျဆင်းနေကြောင်း စသည့် အခြေအနေများဖြင့် ကြုံတွေ့နေရသည်။