CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၇

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး online website တွင် ရက်ချိန်းလျှောက်ထားရာ၌ မသမာ သော နည်းဖြင့် စနစ်အတွင်း ဝင်ရောက်ရန် ကြိုးစားခြင်း၊ အချက်အလက် ပြင်ဆင်ခြင်း၊ ငွေကြေး လိမ်လည်မှု ပြုခြင်းများအား စိစစ်တွေ့ရှိပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိ ပြောင်းလဲလိုက်သည့် နိုင်ငံကူးလက်မှတ် ရက်ချိန်း လျှောက်ထားရသည့် စနစ်သစ်သည် ပွဲစားများနှင့် ငွေကြေးလိမ်လည်မှုများအား လျော့ကျသွားစေရန် လုပ်ဆောင်ခြင်း ဖြစ်သော်လည်း စောင့်ကြည့်ရမည့် အနေ အထားဖြစ်ကြောင်း ဂျပန်ပြည်ပ အလုပ်အကိုင် အေဂျင်စီတစ်ခုမှ ဒါရိုက်တာ ကိုနေဦးကိုက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုကတော့ သူကတော့ အဓိကက ငွေကြေးလိမ်လည်၊ ပွဲစားတွေဘာတွေ လျော့ကျသွားအောင်လို့ လုပ် ပေး တယ်ဆိုပေမယ့် အခုလောလောဆယ်တော့ ပွဲစားနဲ့မဟုတ်ဘဲ ကိုယ်တိုင်တန်းစီစနစ်နဲ့ လုပ်ကြတာပေါ့လေ။ အဲဒီလိုလုပ်ကြတယ်ဆိုတော့ ကြာလို့ရှိရင် ပွဲစားတွေပပျောက် သွားမယ်လို့တော့ ထင်တာပဲ။ ဒါပေမယ့် အခု လော လောဆယ် နည်းနည်းတော့ ကျန်သေးတာပေါ့လေ။ နယ်ဘက်တွေ ဆိုရင်တော့ ပွဲစားအားကိုးရမယ်၊ မြန်မြန် လို ချင်ရင်တော့ ပွဲစားအားကိုးရမယ့်သဘော ဖြစ်သွားတာပေါ့။ စာရွက်စာတမ်း အတုကတော့ လွယ်တော့ မလွယ်ဘူး၊ သူက လုပ်ပေးတာ သူ့လမ်းကြောင်း အတိုင်းနဲ့ လုပ်တာဆိုတော့ စာရွက်စာတမ်း အတုတော့ လောလောဆယ် ကတော့ မရှိသေးဘူးပေါ့လေ။ Passport ရုံးက visa ထုတ်ပေးတာဖြစ်တဲ့အတွက် Passport Visa ရလို့ရှိရင်တော့ စာရွက်စာတမ်းအတုတော့ မရှိလာနိုင်တော့ဘူးထင်တာပဲ။ သူတို့လည်း အဲဒီလို မဖြစ်အောင်လည်း သေချာလုပ် ပေး နေတယ်ဆိုတော့လေ။ အမှန်တော့ သူ့ဟာသူ ပုံမှန်အတိုင်း လည်ပတ် နေရင်တော့ ကောင်းတာပေါ့လေ။ ရပ်လိုက်ပိတ်လိုက် ဆိုရင်တော့ ဟိုဘက်က သွားဖို့လူတွေ အတွက်ကြတော့ မလွယ်ဘူးပေါ့လေ။ ပတ်စပို့က လိုတာကို နိုင်ငံခြားထွက်ဖို့ အတွက်ကျတော့လေ။ ပုံမှန်လေး run နေရင်တော့ ကောင်းတယ်လို့ ထင်ပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံကူးလက်မှတ်ထိုးပေးရေးရုံးရှေ့တွင် တန်းစီစောင့်နေကြသူများကိုတွေ့ရစဉ်

ယခင်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး၏ စနစ်ဟောင်းသည် အွန်လိုင်းတွင် ရက်ချိန်း တစ်ခုတည်း လျှောက်ထားရခြင်းဖြစ်သော်လည်း ယခုအခါမှာတော့ စနစ်အသစ်ကို ပြောင်းလဲ ကျင့်သုံးလာခဲ့ သည်။

ထိုစနစ်အသစ်တွင် နိုင်ငံကူးလက်မှတ် ပြုလုပ်မည့်သူ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံနှင့်အတူ Online payment စနစ်ဖြင့် ကုန်ကျစရိတ်ငွေ ၃၅၀၀၀ ကျပ်ကိုပါ တစ်ပါတည်း ပေးချေရခြင်းဖြစ်ပြီး လက်ရှိတွင် နိုင်ငံကူး လက်မှတ် ပြုလုပ်ရန်အတွက် ရက်ချိန်းတိုကင် လျှောက်ထားသူ များပြားလွန်းသဖြင့် အဆင်မပြေမှု အပိုင်းများ လည်း ကြုံတွေ့နေကြရသည်။

ယခုစနစ်အသစ်သည် အေဂျင်စီများဖြင့် ပြည်ပသို့ ထွက်ခွာမည့် ရွှေ့ပြောင်းလုပ်သားများထဲတွင် နည်းပညာပိုင်း ကျွမ်းကျင်မှုအားနည်းသဖြင့် ကိုယ်တိုင်ပြုလုပ်ရန်မှာ မလွယ်ကူလှသောကြောင့် ၎င်းတို့အတွက် ဝန်ဆောင်ခ စရိတ်မှာ ပို၍မြင့်တက်သွားနိုင်ကြောင်း မဲဆောက်တွင် ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက် ပေး နေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံကူးလက်မှတ်ထိုးပေးရေးရုံးရှေ့တွင် တန်းစီစောင့်နေကြသူများကိုတွေ့ရစဉ်

၎င်းက “တစ်ခုတော့ရှိတာပေါ့။ အဲဒီပေးလိုက်တဲ့ တိုကင် လက်မှတ်ကို ဥပမာ ကျနော် ကိုသားကြီးနာမည်နဲ့ သွားပေမယ့် ပတ်စပို့ရုံးမှာ စာအုပ်ထုတ်ရမယ့် စီနီယာ နံပါတ်တွေ ကုတ်နံပါတ်တွေတော့ ရှိပါလိမ့်မယ်။ အဲဒီတော့ ကျနော့်ရဲ့ မှတ်ပုံတင် နံပါတ်တွေ အစိုးရဌာနထဲကို မရောက်ပဲနဲ့ ဒီတိုင်းပဲ ဓာတ်ပုံရိုက်ပေးတာမျိုး၊ စာရွက် ထုတ် ပေးတာမျိုးတွေလည်း ဖြစ်လာနိုင်တယ်။ ဒါကတော့ ကြိုတင်တွေးထားရမယ့် အတုအယောင် ပြဿနာတွေပေါ့။ ကျနော်တော့ လျှောက်ခဲ့တယ်ပေါ့ ဘယ်ပွဲစားနဲ့ သုံးသောင်းခွဲ၊ ဒီမှာလေ ကျနော့်စာရွက်ဆို အဲဒီ မင်းစာရွက်က အတုကြီးပေါ့ဆိုတာ ဒါမျိုးတွေလည်း ဖြစ်လာနိုင်တယ်။ မြေပြင်မှာ လုပ်ငန်းပိုင်းဆိုင်ရာတွေကို တကယ် ကျွမ်း ကျွမ်း ကျင်ကျင်သိဖို့ လိုအပ်တာပေါ့။ ဘယ်လောက်ထိ ထိန်းနိုင်သလဲပေါ့ တာဝန်ရှိသူတွေက။ ဒါတွေလည်း လိုအပ်တယ်။ စနစ်အသစ်ဆိုရင် အားလုံးက ကောင်းတယ်လို့ထင်ပေမယ့် အဲဒီစနစ်အသစ်ကို အသုံးချပြီးတော့မှ မသမာတဲ့သူတွေက ပုံစံအမျိုးမျိုးတွေနဲ့ လိမ်လည်မှုတွေလည်း ဖြစ်လာနိုင်တယ်လေ”ဟု ပြောသည်။

နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် လုပ်ငန်းများ အဆင့်မြှင့်တင်ရန်အတွက် မြန်မာတစ်နိုင်ငံလုံးရှိ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးများအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ရပ်ဆိုင်းထားခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ပြန်လည် ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

သို့သော် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးတွင် နိုင်ငံကူးလက်မှတ် လျှောက်ထားရန် ရက်ချိန်း အသစ်ရယူခြင်းအား မတ်လ ၁ ရက်နေ့တွင် ခေတ္တရပ်ဆိုင်းခဲ့ပြီး မကြာမီတွင် စနစ်အား ပြန်လည် ဖွင့်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် မိမိရရှိထားသည့် ရက်ချိန်းနေ့စွဲနှင့် အချိန်တို့တွင် တိကျမှန်ကန်စွာ မလာရောက်နိုင်ပါက ရုံးဖွင့်ရက် ၇ ရက်အတွင်း လာရောက် လျှောက်ထားနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။