CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆

ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် လူငယ်များအကြား စိုးရိမ်မှုကြောင့် ပြည်ပထွက်ခွာလိုကြသဖြင့် နိုင်ငံကူးလက်မှတ် ပြုလုပ်လိုသူ ပိုမိုများပြားလာကြောင်း အေဂျင်စီအသိုင်းအဝိုင်းနှင့် QR Service ပြုလုပ်ပေးနေ သူများက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် လာရောက် စုံစမ်းကြသူများထဲတွင် မကြာခင်က ပြည်ပသို့ ထွက်ခွာရန်အတွက် ပြုလုပ်လိုသူရှိသကဲ့သို့ နိုင်ငံရေးအခြေအနေအရ မဖြစ်မနေ ဆောင်ထားကြရန် ပြုလုပ်လိုသူများလည်း ရှိကြောင်း QR Service ပြုလုပ်ပေးနေသူများထံက သိရသည်။

ထို့အပြင် နိုင်ငံကူးလက်မှတ် အမြန်ပြုလုပ်လိုပါက ပေါက်ဈေးမှာ ၁၆ သိန်းမှ ၁၉ သိန်းခန့်အထိ ဈေးရှိနေကြောင်း၊  ပွဲစားများမှ တဆင့်ခံ ဝန်ဆောင်ခစရိတ်များ တိုးကောက်မှုကြောင့် ယခုကဲ့သို့ ပေါက်ဈေးများနေခြင်းဖြစ်ကြောင်း QR Service ပြုလုပ်ပေးနေသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တဆင့်တဆင့်နဲ့ များသွားတာပေါ့။ ရုံးထဲကလူက ၁၃ သိန်းတောင်းရင် အပြင်ကလူက ၁၆ သိန်း။ နောက် တဆင့် လူက ၁၉ သိန်း အဲဒီလိုမျိုး ဖြစ်ရင် ဖြစ်သွားမှာပေါ့။ အရင်ကထက် ပိုများလာတာပေါ့။ ရန်ကုန်မှာ လောလောဆယ်က အမြန်ဝင်လို့မရဘူး။ ဒါပေမယ့် သူ့လမ်းကြောင်းနဲ့သူ ဝင်မယ်ဆိုရင်တော့ ဝင်လို့တော့ ရတယ်။ အခုလက်ရှိမှာ ဘယ်ရုံးတွေရလဲဆိုတော့ နေပြည်တော်ရုံး၊ ပုသိမ်တို့၊ ဘားအံလား၊ တာချီလိတ်လား အဲဒီလို ရုံးတွေ ရတယ်ပေါ့။ တော်တော်များများ အမြန်လုပ်ချင်တဲ့လူနဲ့ ရိုးရိုးလုပ်ချင်တဲ့လူ ၂ ခုပဲ ရှိတာ။ အမြန်တွေကတော့ အခု က ဈေးတွေတအား များနေတော့ အမြန်တွေ မလုပ်နိုင်ကြဘူး” ဟု ပြောသည်။

ယခင်က ရန်ကုန်တွင် နိုင်ငံကူးလက်မှတ် အမြန်ပြုလုပ်လိုပါက ပွဲစားများသို့ အပ်နှံကာ ကာလပေါက်ဈေးအတိုင်း ပြုလုပ်နိုင်သော်လည်း မကြာသေးခင်က အဂတိလိုက်စားမှုဖြင့် အရေးယူအပြစ်ပေးခြင်း ခံလိုက်ရသည့် ကိစ္စရပ် များကြောင့် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှာ မလှုပ်ရဲသည့် အနေအထားဖြစ်ကြောင်း QR Service ပြုလုပ်ပေးနေသူများထံက သိရသည်။

ထိုင်းသံရုံးမှာ ဗီဇာလျှောက်ရန် စောင့်နေကြသူများကို တွေ့ရစဉ်

ထို့ကြောင့် ယခုလက်ရှိတွင် ရန်ကုန်၌ ထိုသို့ အမြန်ပြုလုပ်ရန်မှာ မလွယ်ကူတော့ကာ နယ်ဒေသမြို့များမှာတော့ နိုင်ငံကူးလက်မှတ် အမြန်ပြုလုပ်၍ရသေးကြောင်း ဂျပန်ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ ဒါရိုက်တာ ကိုနေဦးကိုက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရန်ကုန်မှာကတော့ အမြန်လုပ်လို့ မရတော့ဘူး။ QR code လိုက်အတိုင်းပဲ အစဉ်လိုက်အတိုင်းပဲ လုပ်လို့ ရတယ်။ ရန်ကုန်သမားတွေ အမြန်လုပ်ချင်ရင် နေပြည်တော်ကို သွားလုပ်ရတာပေါ့။ နေပြည်တော်ကို သွားလုပ် မယ်ဆိုရင် အခုကြားတာတော့ ၁၆ သိန်းလောက် ပေါက်တယ်လို့ ကြားတာပေါ့။ လိုက်စုံစမ်းကြည့်တာပေါ့လေ။ စုံစမ်းကြည့်ပေမယ့် မရတဲ့ဟာတွေက များတယ်။ သိသလောက် တော်တော်များများ ရန်ကုန်လုပ်တဲ့သူတွေတောင် နေပြည်တော် သွားလုပ်နေကြတယ် အဲဒီလိုကြားတယ်။ တော်တော်ခက်ခဲသွားပြီ။ အရင်ကလောက် မလွယ်တော့ ဘူး (ရန်ကုန်က)။ ဥပမာ န်ကုန်မှာလုပ်မယ်ဆို သူ့မှာ ဘယ်လောက်အထိပိုင်လို့ ဘယ်လောက်အထိ လမ်းကြောင်းရှိလဲတော့ မသိဘူးပေါ့။ အခုတော်တော်များများ လုပ်ခဲ့တဲ့သူတွေက ရန်ကုန်မှာ လုပ်လို့မရတော့လို့ နယ်တွေတောင် ရွှေ့ကုန်ကြတယ်” ဟု ပြောသည်။

လက်ရှိတွင် နိုင်ငံကူးလက်မှတ် QR code ရက်ချိန်းများ ပြုလုပ်ရာတွင် ၇ ပိုင်း ၂၀ ရက်နေ့ခန့်အထိသို့ ရောက်ရှိနေ ပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် နစက ဥက္ကဋ္ဌမှ အတည်ပြု သတ်မှတ် လိုက်ပြီးနောက် လူငယ်များအကြား စိုးရိမ်စိတ်ဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာကြရန် ဆုံးဖြတ်လာကြသည်ကို မြင်တွေ့ရသည်။
ထိုသို့ ပြည်ပထွက်ခွာရန် ပြင်ဆင်ကြရာတွင် အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံသို့သာ သွားရောက်ကြရန် ဦးစွာစဉ်းစားကြပြီး ဗီဇာလျှောက်သည့် မြန်မာနိုင်ငံသားဦးရေ များပြားလွန်းသဖြင့် တစ်ရက်လျှင် ဗီဇာလျှောက် ထားနိုင်သူ လူဦးရေ ၄၀၀ နှုန်းသာ လက်ခံတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ထုတ်ပြန်ထား သည်။