CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၆

ထိုင်းသို့ MOU စနစ်ဖြင့် သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများအား သက်ဆိုင်ရာ အေဂျင်စီ အချို့မှ ၎င်းတို့ပြုလုပ်ပေးသည့် နိုင်ငံကူးလက်မှတ်(Passport)ဖြင့်သာ အလုပ်လုပ်ရမည်ဖြစ်ကြောင်းနှင့် စာအုပ်ဖိုး ၁၇၀၀၀၀(တစ်သိန်းခုနှစ်သောင်း) ကျပ်‌ပေးရမည်ဟု တောင်းခံနေမှုများ ရှိကြောင်း သိရသည်။

နိုင်ငံကူးလက်မှတ်(Passport)စာအုပ်အား အလုပ်သမားများဘက်မှ မိမိဘာသာ လုပ်ဆောင်လာမည်ဟု ဆိုသော် လည်း အေဂျင်စီဘက်မှ လက်မခံကြောင်းသိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ထိုင်းကို MOU ဖြင့် သွား‌ရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမား အများ အပြားမှ အကူအညီတောင်းခံလာကြောင်း မြန်မာ‌ရွှေ့ပြောင်းအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

“မင်းတို့ ငါတို့ရုံးကိုလာခဲ့ စာအုပ် လာလုပ် တစ်သိန်း ခုနှစ်သောင်းတော့ပေးရမယ်။ ကလေးတွေက ပွင့်ပွင့် လင်းလင်းပြောရရင် ၅၀ ရာခိုင်နှုန်း လောက်တောင် အပြင်မှာလုပ်ထားပြီးကြပြီ။ ကျနော့်ကို အဲဒီလို ပြောလာ တော့ ကျနော်က လုပ်ထားရင်ရပြီလေ။ နိုင်ငံကူးလက်မှတ် ဘယ်ရုံးက ထုတ်ထုတ် တရားဝင်ပဲဆိုတော့ အဲ့တော့ အေဂျင်စီက မရဘူးလို့ပြောတယ်တဲ့။ မဖြစ်နိုင်ဘူး ဒါကတော့။ အလုပ်သမားတွေပေါ်မှာ ဂုတ်သွေးစုပ်မှု၊ မတရား‌ တောင်းတာပဲ။ သူထုတ်ပေးလည်း ဒီနိုင်ငံကူးလက်မှတ်ပဲ။ ကလေးတွေလုပ်တာလည်း ဒီနိုင်ငံကူးလက်မှတ်ပဲ။ ဘာကြောင့် သုံးလို့မရရမှာလဲပေါ့။ ဝန်ဆောင်မှုတွေအပြည့်ပေးပြီး မြန်မာငွေ လေး၊ ငါးသောင်းနဲ့ နိုင်ငံကူး လက်မှတ်ထုတ်ပေးတဲ့ အေဂျင်စီတွေလည်း အများကြီးရှိပါတယ်။ ဒီ တစ်သိန်းခုနှစ်သောင်းကြီးကတော့ ကျနော့် အနေနဲ့ လုံးဝကို ကန့်ကွက်တယ်။ ဒါကြီးက မတရားဂုတ်သွေးစုပ်တာပဲ အလုပ်သမားတွေပေါ်မှာ” ဟု ပြောသည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် တန်းစီစောင့်ဆိုင်းနေကြစဉ်

ယခုကဲ့သို့ လုပ်ဆောင်နေမှုများအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် သေချာကြပ်မတ်သင့်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ထိုင်းသို့ MOU ဖြင့်သွားရောက်လုပ်ကိုင်ကြရာတွင် အများစုသည် နယ်မြို့များဘက်မှဖြစ်သည့်အတွက် နိုင်ငံကူး လက်မှတ်အား ကိုယ်တိုင်ကိုယ်ကျ သွားလုပ်သည်ထက် အေဂျင်စီများမှတဆင့် လုပ်ကိုင်ကြမှုမှာ များပြားကာ အချို့အေဂျင်စီများသည် ယခုကဲ့သို့ ငွေပမာဏအများအပြားတောင်းခံမှုမရှိကြောင်း သိရသည်။

အေဂျင်စီအချို့မှ ယခုကဲ့သို့ လုပ်ဆောင်နေခြင်းသည် အလုပ်သမားများအပေါ် ခေါင်းပုံဖြတ်နေသည့် သဘော ဖြစ် နေကြောင်း ထိုင်းသို့ MOU ဖြင့် သွားရောက်အလုပ်လုပ်ကိုင်ရန် စောင့်ဆိုင်းနေသည့် ကိုထွန်းလင်းနိုင်က CNI သို့ ပြောသည်။

“ကိုယ့်ဘာသာအလုပ်မခံဘူး သူတို့လုပ်ပေးမှာဆိုတဲ့ဟာက ဘယ်လောက်ကုန်ကျလို့ ကုန်ကျ မှန်းလည်း မသိဘူးလေ။ အဲဒီတော့ သူတို့က ဒီလောက်တောင်းလို့ ဒီလောက်ပေးရတာကိုလည်း တချို့ကျတော့လည်း ပေးလိုက်တာပဲလေ။ ကိုယ့်ဘာသာလုပ်လို့မရဘူးဆိုတဲ့အခြေအနေမျိုးဆိုတော့ အဲဒါကတော့ သက်သက် သွားမယ့်အလုပ်သမားတွေဆီကနေ ပွဲစားတွေ ခေါင်းပုံဖြတ်တဲ့သဘောမျိုးဖြစ်နေတာပေါ့”ဟု ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး၌ Online Booking စနစ်ဖြင့် ရက်ချိန်းယူ ဝင်ရောက်လျှောက်ထားနိုင်သည့် စနစ်ပြောင်းလဲမည်ဟု မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးက ထုတ်ပြန် ခဲ့သည်။

ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် ကိုဗစ်ရောဂါ ကူးစက်မှု လျော့ကျစေရန်အတွက်ဟုဆိုကာ မတ် ၂၁ ရက်မှစတင် ၍ Online Booking စနစ်ဖြင့် ရက်ချိန်းရယူပြီးမှသာ ရုံးတွင်းသို့ ဝင်ရောက် လျှောက်ထားနိုင်သည့်စနစ်အား ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။