CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၆

လက်ရှိတွင် ထိုင်းသို့ နှစ်နိုင်ငံ သဘောတူညီမှု စာချွန်လွှာ (MOU) ဖြင့် မြန်မာအလုပ်သမားများအား စေလွှတ်သည့် အထဲတွင် အများစုသည် ထိုင်းနိုင်ငံသို့ ရောက်ရှိချိန်၌ အလုပ်မရရှိခြင်း၊ အလုပ်ရသော်လည်း စာချုပ်ပါ အတိုင်း မဟုတ်ခြင်းနှင့် လမ်းဘေးမှာ စွန့်ပစ်ခဲ့ခြင်းများ ကြုံတွေ့နေကြရသည်။

အလုပ်သမားစေလွှတ်ရာတွင် MOU ဖြင့် စေလွှတ်ခြင်းသည် အင်မတန် ကောင်းမွန်သည့် စနစ်အပြင် စာချုပ်ချုပ် ဆိုရာတွင်လည်း အတိအကျ ချုပ်ဆိုရခြင်းဖြစ်ပြီး တစ်ဖက်နိုင်ငံသို့ ရောက်ရှိချိန်တွင် စာချုပ်ပါအတိုင်း အလုပ် ချက်ချင်း ရရှိရမည်ဖြစ်သည်။

ယခုကဲ့သို့ MOU အလုပ်သမားများ စာချုပ်ပါအတိုင်း အလုပ်မရရှိခြင်းသည် နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာန၏ ပေါ့လျော့မှုကြောင့် ဖြစ်ကြောင်း၊ စေလွှတ်လိုက်သော ပြည်ပအလုပ်အကိုင် အေဂျင်စီများ၏ တာဝန်ယူမှု၊ တာဝန် ခံမှု မရှိခြင်းတို့အား သေချာစွာ ကိုင်တွယ် မဖြေရှင်းပေးကြောင်း၊ ထိုသို့ ကိုင်တွယ် ဖြေရှင်း မပေးနိုင်ပါက ရေရှည် တွင် MoU စနစ်မှာ ပျက်စီးသွားနိုင်ကြောင်း MWRN မှ အကြံပေး ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာအလုပ်သမားများ ထိုင်းကို MOU ဖြင့်သွားရန် စောင့်နေကြစဉ်

၎င်း “ဘာကြောင့်လဲဆိုတော့ MOU စနစ်ကို စာချုပ် ချုပ်တဲ့အခါမှာ ၃ ဘာသာနဲ့ ချုပ်ရပါတယ်။ ထိုင်းနိုင်ငံကို လာမယ်ဆိုရင် ထိုင်း၊ မြန်မာ၊ အင်္ဂလိပ် ၃ ဘာသာနဲ့။ အဲဒီမှာ လက်မှတ် ရေးထိုးရမယ့် ပုဂ္ဂိုလ်တွေသည် ကာယကံ ရှင် အလုပ်သမားက ထိုင်းနိုင်ငံရဲ့ တည်ဆဲဥပဒေပါ အချက်အလက်တွေကို အဲဒီလို ခံစားရပါမယ်ဆိုတာ ထည့်ရေး ထားတယ်။ အင်မတန် တိကျ ခိုင်မာတဲ့ဟာတွေကို လက်မှတ် ရေးထိုးရမယ်။ ပြီးရင် အလုပ်ရှင်ကလည်း ဒီအတိုင်း အလုပ်သမားတွေကို ပေးဆောင်ပါမယ်ဆိုတာ ထိုးထားတယ်။ ပြီးရင် အေဂျင်စီကလည်း ထိုးတယ်။ ပြီးရင် မြန်မာ အလုပ်သမား ဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ကိုယ်တိုင် ထိုးထားပါတယ်။ မြန်မာ အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီတွေကို ထိန်းချုပ်ထားရတယ်၊ မှတ်ပုံတင်တာလည်း သူ့ဆီမှာပဲ တင်ထား ရတယ်။ အဲဒီတော့ သေချာ စိစစ် တာဝန်ယူပေးဖို့ လိုအပ်တယ်။ သူ့ဥပဒေကိုက MOU လုပ်သားက အလုပ် လက်မဲ့ဖြစ်စရာ အကြောင်းမရှိဘူး။ ဆိုက်ရောက်ရာဒေသမှာ ခြံနံပါတ်နဲ့ အိမ်နံပါတ်နဲ့ ကုမ္ပဏီနာမည်နဲ့ ထုတ်လုပ်တဲ့ ကုန်ပစ္စည်း အမျိုးအစားနဲ့ အတိ အကျ ပါထားတဲ့အတွက်ကြောင့် အဲဒီအတိုင်းကို နှစ်နိုင်ငံအစိုးရ တာဝန်ရှိသော အလုပ်သမားဝန်ကြီးဌာနများမှ ဥပဒေပါ အချက်အလက်များအတိုင်း တိတိကျကျ ဆောင်ရွက်မယ်ဆိုရင် MOU စနစ်က လုံးဝ ပျက်စီးသွားစရာ အကြောင်းမရှိပါဘူး” ဟု ပြောသည်။

ထို့ကြောင့် ထိုင်းနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများအနေဖြင့် မူဝါဒများ စနစ်တကျချမှတ်၍ ခိုင်မာသည့် ဥပဒေအား ကျင့်သုံးသင့်ကြောင်း၊ ထိုသို့ ဆောင်ရွက်မည်ဆိုပါက ယခုကဲ့သို့ MOU ဖြင့် စေလွှတ်ခံရသည့် အလုပ်သမားများ၏ ပြဿနာများ ရှိလာမည် မဟုတ်ကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။

ယခုအခါတွင် MOU ဖြင့် စေလွှတ်ခံရသည့် အလုပ်သမားအများစု ကြုံတွေ့နေရသည်မှာ စာချုပ်ပါ အတိုင်း အလုပ် မပေးနိုင်သည့်အပြင် အလုပ်မရရှိခြင်းတို့ ဖြစ်သည့်အတွက် လူကုန်ကူးနေခြင်း ဖြစ်နေသည်ဟု မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာအလုပ်သမားများ ဖမ်းဆီးခံထားရစဉ်

၎င်းက “နိုင်ငံရဲ့ နိုင်ငံ့အရေးမှာရော ဒီအလုပ်သမားအရေး တည်ဆဲဥပဒေမှာရော တရားဥပဒေ စိုးမိုးမှုမရှိလို့ MOU ဆိုတဲ့ ခေါင်းစဉ်သုံးထားပြီးတော့မှ မြန်မာပြည်သူတွေကို၊ ရွှေ့ပြောင်း အလုပ်သမားတွေကို ပေါ်ပေါ်ထင်ထင် လူကုန်ကူးတယ်လို့ ကျနော့်အနေနဲ့ ဒီလိုသုံးသပ်တယ်။ ဒါကိုလည်း သက်ဆိုင်ရာ အေဂျင်စီကို ဌာနတစ်ခုခုက အရေးယူခြင်း၊ တရားစွဲခြင်း လုံးဝမရှိခဲ့ဘူး။ အဲဒီတော့ ရှင်းရှင်းလေးပဲ ဥပဒေ စိုးမိုးမှု မရှိတဲ့အတွက် လိုင်စင်ကျပြီး တော့ လူကုန်ကူးတယ်လို့ ကျနော့်အနေနဲ့ မှတ်ချက်ပေးလိုတယ်။ ကိုဗစ်မတိုင်ခင် တုန်းကတော့ MOU စနစ် စေလွှတ်တဲ့ နေရာမှာ အခု ဒီ ကိုဗစ်နောက်ပိုင်း စေလွှတ်တာထက်တော့ အများကြီး ပိုကောင်းပါတယ်။ အဓိက အလုပ်သမားဝန်ကြီးဌာနမှာ တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေက မိမိတို့ တာဝန်ယူထားတယ်ဆိုတာဟာ တာဝန် ရှိတယ်ဆိုတဲ့ အသိတစ်ခုနဲ့အတူ ဒီလိုမျိုး လက်လွတ်စပယ် လိုင်စင်ကိုင်ပြီးတော့ လူကုန်ကူးနေတဲ့ အေဂျင်စီတွေ ကို ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ ကျနော်အနေနဲ့ ပြောလိုတယ်”ဟု ပြောသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ထိုအေဂျင်စီများ အားလုံးအား သေချာစိစစ် မကိုင်တွယ်နိုင်ပါက အေဂျင်စီ တစ်ခုအား စံနမူနာအနေဖြင့် ထိရောက်သည့် အရေးယူစစ်ဆေးမှုမျိုး လုပ်ဆောင်သင့်ကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။

လက်ရှိတွင် MOU စနစ်ဖြင့် အလုပ်သမား အများအပြား စေလွှတ်နေသော်လည်း ငွေကြေးကုန်ကျမှုများသည့် အတွက် ပွဲစားများဖြင့် တရားမဝင် လမ်းကြောင်းမှ ခိုးဝင်သူလည်း အများအပြား ရှိနေသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့မှာ မြန်မာများကိုတွေ့ရစဉ်

MWRN မှ အကြံပေး ဦးအောင်ကျော်က “မူလကတည်းက MOU ဆိုတာကြီးကို သူတို့ သိပ်စိတ်မဝင်စားတဲ့ ကြား ထဲက ပြောရမှာတော့ အားနာတယ်။ ကျနော်တို့ မြန်မာနိုင်ငံသား အများစုကို လေ့လာသုံးသပ်တဲ့ အခါမှာ လေ့လာ မှုအား အင်မတန်နည်းတယ်။ MOU နဲ့ သွားရင်လည်း ပိုက်ဆံကုန်တာချင်း အတူတူ ဟိုရောက်ရင်လည်း အလုပ် လည်းမရ၊ ဒုက္ခတွေဖြစ်၊ သောကတွေ ဖြစ်လို့ဆိုတာမျိုး သိသွားရင် MOU သည်လည်း မကောင်းတဲ့ အလုပ်ကြီး တစ်ခုလို မြင်သွားရင် နောက်ပိုင်းမှာ ကုန်သည် ပွဲစားတွေနဲ့ပဲ လိမ်လည်လှည့်ဖျားပြီးတော့မှ အသွားခံရမှာ ဖြစ်ပါ တယ်။ ဒီ MOU စနစ်က တစ်ကမ္ဘာလုံးမှာ အင်မတန်ကို ကောင်းမွန်သော အစိုးရအချင်းချင်း ချိတ်ဆက်ပြီး ခိုင်မာ သော အလုပ်တစ်ခုဆိုတာကို သိအောင် မြန်မာလူထုကြားမှာ ထိုးဖောက်နေတဲ့ အချိန်မှာ အခုလိုမျိုး မလိုလားအပ် တဲ့ ပြဿနာတွေ ကြိမ်ဖန်များစွာ ဖြစ်လာရင် ခုနကပြောတဲ့ ဗဟုသုတ အသိဉာဏ် နည်းပါးသော မြန်မာနိုင်ငံ ကျေးလက် တောရွာက လူတွေအားလုံးက MOU သည်လည်း ဘာမှအသုံးကျတဲ့ အလုပ်မဟုတ်ဘူး။ အဲဒါကြောင့် ငါတို့နည်း ငါတို့ဟန်နဲ့ ကုန်သည်၊ ပွဲစားတွေ လိမ်လည်လှည့်ဖျားတဲ့ နောက်ကိုပဲ လိုက်သွားရင်တောင်မှ အဆင်ပြေတယ်ဆိုတာမျိုး အတွေးမှားသွားရင် ကြလာရင်တော့ ဆိုးသွားနိုင်တယ်ပေါ့” ဟု ပြောသည်။

ထိုင်းနိုင်ငံသို့ MOU ဖြင့် မြန်မာ အလုပ်သမားများ စေလွှတ်ခြင်းအား ကိုဗစ်ကြောင့် ၃ နှစ်ခန့် ယာယီ ရပ်နားထားခဲ့ ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ မေလ မှ စတင်ကာ ပြန်လည် စေလွှတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပြန်လည် စေလွှတ်ချိန်တွင် စာချုပ်ပါအတိုင်း အလုပ်မရရှိခြင်း ပြဿနာများ နည်းပါးခဲ့ပြီး ယခုနောက်ပိုင်း တွင် ပြန်လည်၍ ပြဿနာများဖြစ်လာသလို ပိုမို များပြားလာကြောင်း သိရသည်။