CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၁

အာဂျင်တီးနားအသင်း ခေါင်းဆောင် မက်ဆီဟာ ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ ကွင်းထံ ပထမဆုံးအကြိမ် သွားရောက် လည်ပတ်ခဲ့ပြီးနောက် ဘာစီလိုနာအသင်း ကစားသမားဘဝက ရခဲ့ခြင်းမရှိတဲ့ နှုတ်ဆက်မှုအတွက် Spotify နူးကမ့်ကွင်းထံ တစ်နေ့ပြန်လာနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းကို မေဂျာလိဂ်ဖလား ပြိုင်ပွဲမှာ နောက်တစ်ဆင့် ရောက်ရှိအောင် ကူညီပေးနိုင်ခဲ့တဲ့ မက်ဆီဟာ အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းဖို့ စပိန်နိုင်ငံကို ရောက်ရှိနေတာပါ။ 

မက်ဆီဟာ စပိန်ကို ရောက်ရှိချိန်မှာ အသင်းဟောင်း ဘာစီလိုနာအသင်းရဲ့ နူးကမ့်ကွင်းထဲ သွားရောက်ခဲ့တဲ့ ပုံတွေကို သူ့ရဲ့ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပါတယ်။

မက်ဆီက “ကျနော့် နှလုံးသားတစ်ခုလုံးနဲ့ လွမ်းဆွတ်ခဲ့ရတဲ့ နေရာတစ်ခုကို ပြန်ရောက်ခဲ့ပါတယ်။ ဒီနေရာဟာ ကျနော် အလွန်ပျော်ရွှင်ခဲ့တဲ့ နေရာ၊ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး လူသားတစ်ဦးအဖြစ် ထောင်ပေါင်းများစွာ ခံစားရ အောင် ခင်ဗျားတို့ ပြုလုပ်ပေးခဲ့တဲ့နေရာပါ။ ကစားသမား တစ်ဦးအနေနဲ့ နှုတ်ဆက်ဖို့တင် မဟုတ်ဘဲ တစ်နေ့မှာ ကျနော် ပြန်လာနိုင်ဖို့ မျှော်လင့်တယ်”လို့ ရေးသားခဲ့ပါတယ်။

ကစားသမားဘဝ အချိန်အများစုကို ဘာစီလိုနာအသင်းမှာ ကုန်ဆုံးခဲ့တဲ့ မက်ဆီဟာ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကြောင့် စာချုပ်သက်တမ်း ကုန်ဆုံးချိန် ၂၀၂၁ ခုနှစ်မှာ PSG အသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ 

မက်ဆီကိုတွေ့ရစဉ်

အဲ့ဒီ အချိန်တုန်းက ကိုဗစ် ကန့်သတ်ချက် တစ်စိတ်တစ်ပိုင်း ရှိနေတဲ့အတွက် မက်ဆီဟာ ဘာစီလိုနာအသင်း ပရိသတ်တွေကို ကောင်းမွန်စွာ နှုတ်ဆက်နိုင်ခဲ့ခြင်း မရှိပါဘူး။

ဘာစီလိုနာအသင်း အကြီးအကဲ လာပေါ်တာက မက်ဆီနဲ့အတူ နူးကမ့်ကွင်း အသစ်ကြီးကို ဖွင့်လှစ်တာက အကောင်းဆုံး နည်းလမ်းဖြစ်မယ်လို့ အကြံပြုခဲ့ပြီး သူသာ အသင်းဥက္ကဋ္ဌအဖြစ် ဆက်ရှိမယ်ဆိုရင် ဒီလိုမျိုးလုပ်ဖို့ နှစ်သက်တယ်လို့ ပြောထားတာပါ။

မက်ဆီဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာပြီးနောက်မှာ လာပေါ်တာနဲ့ ဆက်ဆံရေး အေးစက်သွားခဲ့ပြီး နူးကမ့်ကွင်းကြီးထဲမှာ ပွဲပါဝင်ကစားနိုင်ဖွယ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးထားခြင်း မရှိပါဘူး။

မက်ဆီဟာ ဘာစီလိုနာအသင်းကြီးမှာ ကစားခဲ့တဲ့ ၁၇ နှစ်အတွင်း ၇၇၈ ပွဲ ပါဝင်ကစားခဲ့ပြီး ၆၇၂ ဂိုးသွင်းယူကာ လာလီဂါဖလား ၁၀ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၃၄ ခု ရယူနိုင်ခဲ့ပါတယ်။

Source: ESPN