CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၁
လီဗာပူးလ်အသင်းဟာ မန်စီးတီးအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်း ခေါင်းဆောင် ဗန်ဒိုက်ရဲ့ သွင်းဂိုးကို ခွင့်မပြုတဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အင်္ဂလန် ပရော်ဖက်ရှင်နယ် ဒိုင်လူကြီးများအဖွဲ့ချုပ်(PGMOL)ကို ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒီပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် တိုက်စစ်မှူး ဟာလန်းက အဖွင့်ဂိုး သွင်းယူပြီးနောက် မကြာမီမှာ ဗန်ဒိုက်က ထောင့်ကန်ဘောကနေ ခေါင်းတိုက်ပြီး လီဗာပူးလ်အသင်းအတွက် ချေပဂိုး သွင်းယူနိုင်ခဲ့တာပါ။
ဒါပေမယ့် လီဗာပူးလ်အသင်း နောက်ခံလူ ရော်ဘတ်ဆန်ဟာ လူကျွံ အနေအထားမှာ ရှိနေပြီး မန်စီးတီးအသင်း ဂိုးသမား ဒွန်နာရမ်မာရဲ့ မြင်ကွင်းကို ပိတ်ဆို့ထားတယ်လို့ဆိုကာ သွင်းဂိုးကို ပယ်ဖျက်ခဲ့တာပါ။
VAR ကလည်း ကွင်းလယ် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုပေးခဲ့ပါတယ်။
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ အပါအဝင် ဘောလုံးပွဲ ဝေဖန်သုံးသပ်သူ အများအပြားက ဒီဂိုးဟာ ခွင့်ပြုသင့်တယ်ဆိုပြီး မှတ်ချက်ပေးခဲ့ကြပါတယ်။

ဗန်ဒိုက်ကို တွေ့ရစဉ်
အဲ့ဒါကြောင့် လီဗာပူးလ်အသင်းဟာ PGMOL ထံ ဆက်သွယ်ပြီး လူကျွံဘောနဲ့ သက်ဆိုင်တဲ့ ဥပဒေ ၁၁ အရ ဒီဂိုးဟာ ခွင့်မပြုဖို့ လုံလောက်တဲ့ စံနှုန်းတွေရှိမနေဘူးဆိုတာ ယုံကြည်တယ်လို့ ပြောခဲ့ကြောင်း ESPN က ဖော်ပြထားတာပါ။
ဒါ့ပြင် ရှုထောင့်အားလုံးကို ကြည့်မယ်ဆိုရင် ရော်ဘတ်ဆန်ဟာ ဒွန်နာရမ်မာရဲ့ မြင်ကွင်းကို အနှောင့်အယှက် ဖြစ်တယ်ဆိုတာ လီဗာပူးလ်အသင်းက လက်ခံခြင်း မရှိပါဘူး။
လီဗာပူးလ်အသင်းဟာ ဒီရှုံးပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ်အသင်းနဲ့ ၈ မှတ်အကွာ အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။
လီဗာပူးလ်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ၄ ပွဲစလုံး အရေးနိမ့်ပြီး ဒီရာသီမှာ အဆိုးရွားဆုံးပုံစံ ကြုံတွေ့နေရတာပါ။
လီဗာပူးလ်အသင်းဟာ နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
