CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၁
အင်တာမိုင်ယာမီအသင်း နောက်ခံလူ အယ်လ်ဘာက အသင်းဖော် မက်ဆီနဲ့ ဘာစီလိုနာကြယ်ပွင့် ယာမဲလ်တို့ကို နှိုင်းယှဉ်မှုတွေအပေါ် ပယ်ချခဲ့ပြီး မက်ဆီမှာ ပြိုင်ဘက်မရှိဘူးလို့ ပြောခဲ့ပါတယ်။
အယ်လ်ဘာက “ယာမဲလ်ဟာ ကောင်းမွန်တဲ့ ကစားသမားလို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာမှာ ပက်ဒရီ၊ ဂါဗီနဲ့ ဒီဂျောင်တို့လို တခြားသူတွေလည်း ရှိပါသေးတယ်။ ယာမဲလ်ကို လီယိုနဲ့ နှိုင်းယှဉ်ရမယ်ဆိုရင် နှိုင်းယှဉ်လို့ မရပါဘူး။ ဘာလို့လဲဆိုရင် လီယိုမှာ ပြိုင်ဘက်မရှိလို့ပါ”လို့ El Larguero ကိုပြောခဲ့တာပါ။
စပိန်နောက်ခံလူဟောင်း အယ်လ်ဘာဟာ မက်ဆီနဲ့ ဘာစီလိုနာအသင်းမှာ နှစ်ပေါင်းများစွာ အတူတွဲကစားခဲ့သလို မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းမှာလည်း အသင်းဖော်တွေအဖြစ် ရှိနေပါတယ်။
မက်ဆီဟာ ကစားသမားဘဝမှာ ဆုဖလား အများအပြား ရယူနိုင်ခဲ့ပြီး တစ်ဦးချင်း အောင်မြင်မှုတွေကလည်း မရေမတွက်နိုင်အောင် ရရှိထားကာ ထာဝရ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။

မက်ဆီနဲ့အယ်လ်ဘာကို တွေ့ရစဉ်
အသက် ၁၈ နှစ်အရွယ်ရှိ ယာမဲလ်ကလည်း မက်ဆီရဲ့ လမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်တယ်ဆိုတဲ့ လက္ခဏာကို ပြသနေတာပါ။
ယာမဲလ်ဟာ အသက် ၁၅ နှစ်အရွယ်မှာ ဘာစီလိုနာအသင်းကြီးအတွက် ပွဲဦးထွက်ခဲ့ပြီး ကလပ်နဲ့ နိုင်ငံအသင်း အတွက် အားထားရတဲ့သူအဖြစ် ရှိနေပါတယ်။
ယာမဲလ်ဟာ သူပြသနေတဲ့ စွမ်းဆောင်ရည်တွေကြောင့် မက်ဆီနဲ့ အမြဲတမ်း နှိုင်းယှဉ်မှုတွေ ရှိနေကြတာပါ။
ဒါပေမယ့် အယ်လ်ဘာကတော့ မက်ဆီနဲ့ ယာမဲလ် နှိုင်းယှဉ်မှုတွေကို ရှောင်ခဲ့ပြီး ဘာစီလိုနာအသင်းမှာ ယာမဲလ်လို ကောင်းမွန်စွာ စွမ်းဆောင်နိုင်တဲ့ သူတွေရှိတယ်လို့ ပြောခဲ့ပါတယ်။
အယ်လ်ဘာဟာ မေဂျာလိဂ်ဖလား ပလေးအော့ဖ် ပွဲစဉ်တွေအပြီးမှာ ကွင်းလယ်လူ ဘတ်စ်ကွက်နဲ့အတူ ကစားသမား ဘဝကနေ အနားယူမယ်လို့ ကြေညာထားပြီး မက်ဆီကတော့ အင်တာမိုင်ယာမီအသင်းနဲ့ ၃ နှစ် စာချုပ်သစ် ချုပ်ဆိုထားတာ ဖြစ်ပါတယ်။
Source: Goal
