CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၁
ဆီနီဂေါကြယ်ပွင့်မာနေးက လူးဝစ်ဗန်ဟားလ်ရဲ့ ပွဲကစားချိန် အာမခံချက်ကို မယုံကြည်တာကြောင့် ယူနိုက်တက် အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
မာနေးက “ယူနိုက်တက်အသင်းဟာ ကျနော့်ကို ခေါ်ဖို့ကြိုးပမ်းခဲ့ပြီး ကျနော်ဟာ ဗန်ဟားလ်နဲ့ စကားပြောခဲ့ ပါတယ်။ အဲ့ဒီ အချိန်တုန်းက ဝိန်းရွန်နီလည်း ရှိတယ်၊ ဒီမာရီယာရော၊ ဒီပိုင်းလည်း ရှိနေပါတယ်။ ဗန်ဟားလ်က ကျနော့်ကို ဖုန်းဆက်ပြီး ဒီကိုလာစေချင်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းမှာ ကစားသမား ကောင်းတွေ ရှိနေတဲ့အတွက် ကျနော် ဘယ်နေရာမှာ ကစားရမှာလဲလို့ သူ့ကိုမေးခဲ့ပါတယ်။ သူကတော့ မင်းကောင်းမွန်စွာ လုပ်နိုင်ရင် ကစားရမယ်လို့ ပြောခဲ့ပါတယ်။ သူ့ရဲ့ရှင်းပြမှုကို မယုံကြည်ခဲ့ဘူး”လို့ ESPN ကို ပြောခဲ့ပါတယ်။
ဆောက်သမ်တန်အသင်းမှာ ခြေစွမ်းပြသနေတဲ့ မာနေးဟာ ၂၀၁၆ ခုနှစ်မှာ လီဗာပူးလ်အသင်းထံ ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့ခဲ့ပြီး ၂၆၉ ပွဲ ကစားခဲ့တာမှာ ၁၂၀ ဂိုးသွင်းပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလား အများအပြား ရယူနိုင်ခဲ့ပါတယ်။

မာနေးနဲ့ ရော်နယ်ဒိုကို တွေ့ရစဉ်
လီဗာပူးလ်အသင်းထံ မပြောင်းရွှေ့မီ ယူနိုက်တက်အသင်းရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတဲ့ မာနေးဟာ နည်းပြ ဗန်ဟားလ်ကြောင့် မန်ချက်စတာကလပ်ထံ မပြောင်းရွှေ့ခဲ့တာလို့ ပြောခဲ့ပါတယ်။
မာနေးဟာ လီဗာပူးလ်အသင်းမှာ ဆာလက်၊ ဖာမီနိုတို့နဲ့ အတွဲညီခဲ့ပြီး အသင်းရဲ့ ဆုဖလား အောင်မြင်မှုတွေမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
မာနေးဟာ ၂၀၂၂ ခုနှစ်မှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာပြီး ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။
ဆီနီဂေါကစားသမားဟာ စပါးအသင်းနဲ့လည်း စကားပြောခဲ့ပြီး နည်းပြပိုချက်တီနို သူ့ကိုပေးခဲ့တဲ့ စီမံကိန်းကို စိတ်ဝင်စားခဲ့ပေမယ့် အပြောင်းအရွှေ့ ဖြစ်ခဲ့ခြင်းမရှိပါဘူး။
မာနေးဟာ လက်ရှိအချိန်မှာ ရော်နယ်လ်ဒို၊ ဂျာအိုဖီးလစ်တို့နဲ့အတူ အယ်လ်နာဆာအသင်းမှာ ခြေစွမ်းပြသနေပြီး ဆော်ဒီကလပ်အတွက် ၁၁၂ ပွဲ ကစားထားပြီး ၄၁ ဂိုး သွင်းယူထားပါတယ်။
Source: Dailymail
