CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၉

ပရီးမီးယားလိဂ် ပြိုင်ဘက်ကြီး ၂ သင်းဖြစ်တဲ့ ယူနိုက်တက်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ FA ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်မှာ ထိပ်တိုက်တွေ့ဆုံနေပြီ ဖြစ်ပါတယ်။

FA ဖလားကွာတားဖိုင်နယ်အတွက် မဲခွဲမှုကို ပဉ္စမအဆင့်ပွဲစဉ်တွေ မယှဉ်ပြိုင်ခင်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ယူနိုက်တက်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ ပြိုင်ဘက်အသင်းတွေကို အနိုင်ရခဲ့လို့ တွေ့ဆုံကြရတော့မှာပါ။ 

ယူနိုက်တက်အသင်းဟာ ပဉ္စမအဆင့်မှာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး လီဗာပူးလ်အသင်းက ဆောက်သမ်တန်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အခြား ကွာတားဖိုင်နယ် ပွဲစဉ်တွေအဖြစ် လက်ရှိချန်ပီယံ မန်စီးတီးအသင်းက နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင် ရမှာပါ။

မန်စီးတီးအသင်းဟာ ပဉ္စမအဆင့်မှာ လူတန်အသင်းကို ၆ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး နယူးကာဆယ်အသင်းက ဘလက်ဘန်းအသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

လီဗာပူးလ်နဲ့ ယူနိုက်တက်အသင်း ယှဉ်ပြိုင်နေစဉ်

နောက်ထပ် ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ချယ်လ်ဆီးနဲ့ လက်စတာအသင်းတို့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ ပဉ္စမအဆင့်မှာ လိဒ်စ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး လက်စတာအသင်းက ဘုန်းမောက်အသင်းကို အချိန်ပိုမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။ 

နောက်ထပ် ပွဲစဉ်ကတော့ ဝုလ်ဗ်စ်နဲ့ ကိုဗင်ထရီအသင်းတို့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ပဉ္စမအဆင့်မှာ ဝုလ်ဗ်စ်အသင်းဟာ ဘရိုက်တန်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ကိုဗင်ထရီအသင်းက မစ်စတုန်းအသင်းကို ၅ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။

ကိုဗင်ထရီအသင်းဟာ ချန်ပီယံရှစ်ပြိုင်ပွဲမှာ အဆင့် ၉ နေရာ ရပ်တည်နေတာကြောင့် FA ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်လာတဲ့ အသင်းတွေထဲမှာ အဆင့်အနိမ့်ဆုံး အသင်းအဖြစ် ရှိနေပါတယ်။

FA ဖလားကွာတား ဖိုင်နယ်ပွဲစဉ်တွေကို မတ်လ ၁၆ ရက်မှာ ကျင်းပဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Source: ESPN