CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၉

အယ်လ်နာဆာအသင်းက အယ်လ်ရှာဘတ်အသင်းကို အနိုင်ရခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ ညစ်ညမ်းတဲ့ အမူအရာ ပြုလုပ်ခဲ့တဲ့ အယ်လ်နာဆာ အသင်းခေါင်းဆောင် ရော်နယ်ဒိုကို ၁ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့တယ်လို့ ဆော်ဒီ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးနဲ့ ကျင့်ဝတ်ကော်မတီက ပြောခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဒီပွဲစဉ်အပြီး အသင်းဖော်တွေနဲ့ အောင်ပွဲခံနေချိန်မှာ ပြိုင်ဘက်ကြီး မက်ဆီရဲ့နာမည်ကို အော်ဟစ် နေတဲ့ အယ်လ်ရှာဘတ်အသင်း ပရိသတ်တွေကို ညစ်ညမ်းတဲ့ အမူအရာ ပြုလုပ်သွားခဲ့တာပါ။ 

အဲဒါကြောင့် ရော်နယ်ဒိုဟာ ဝေဖန်မှုတွေခံခဲ့ရပြီး အရေးယူမှုတွေ ပြုလုပ်ဖို့ ဆော်ဒီဘောလုံးအဖွဲ့ချုပ်ကို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ 

ဆော်ဒီဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးနဲ့ ကျင့်ဝတ်ကော်မတီက ရော်နယ်ဒိုဟာ ၁ ပွဲပယ် ပြစ်ဒဏ် အပြင် အဖွဲ့ချုပ်ထံ ဒဏ်ကြေးငွေ ဆော်ဒီရီယယ်လ် ၁၀,၀၀၀ နဲ့ တိုင်ကြားမှုအတွက် ကုန်ကျစရိတ်တွေကို ကာမိဖို့ အယ်လ်ရှာဘတ်အသင်းထံ ရီယယ်လ် ၂၀,၀၀၀ ပေးရမယ်လို့ ပြောခဲ့ပါတယ်။

ဒါအပြင် ဒီဆုံးဖြတ်ချက်အပေါ် အယူခံဝင်ခွင့် မရှိဘူးလို့လည်း ဒီကော်မတီက ပြောခဲ့တာပါ။ စပိန်သတင်းစာ မာကာကတော့ ရော်နယ်ဒိုရဲ့ အပြုအမူဟာ ဘာသာရေးအလွန် ကိုင်းရှိုင်းတဲ့နိုင်ငံအတွက် အကျင့်ပျက်တယ်လို့ ခံစားရကြောင်း ဖော်ပြခဲ့ပါတယ်။ 

ရော်နယ်ဒိုကို တွေ့ရစဉ်

ရော်နယ်ဒိုကတော့ သူ့ရဲ့အောင်ပွဲခံမှုဟာ မလေးမစားပြုတာ မဟုတ်ဘူးလို့ ပွဲပယ်ပြစ်ဒဏ် မချမှတ်ခံရခင်က ပြောခဲ့တာပါ။

ရော်နယ်ဒိုက “ကျနော်အသင်းအားလုံးကို လေးစားပါတယ်။ ပွဲအပြီး ပျော်ရွှင်တဲ့အရာက ခွန်အားနဲ့ နိုင်ပွဲအတွက် ပျော်ရွှင်ကြောင်း ဖော်ပြခဲ့တာပါ။ ကျနော်တို့ ဥရောပမှာ ဒါက အသားတောင်ကျနေပြီ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာက အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ရော်နယ်ဒိုဟာ အယ်လ်ရှာဘတ်အသင်း နဲ့ပွဲမှာ ပင်နယ်တီကနေ ၁ ဂိုး သွင်းယူခဲ့တာ အပါအဝင် ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ၂၂ ဂိုးသွင်းယူထားပြီး ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာပါ။ 

အယ်လ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ်ပွဲစဉ် ၂၁ ပွဲ ကစားအပြီးမှာ ၅၂ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး အဆင့် ၁ နေရာက အယ်လ်ဟီလယ်အသင်းနဲ့ ၇ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းဟာ ဖေဖော်ဝါရီ ၂၉ ရက်မှာ ဆော်ဒီပရိုလိဂ်ပွဲစဉ်အဖြစ် အယ်လ်ဟာဇမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail