CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၈
အယ်လ်နာဆာအသင်းက အယ်လ်ရှာဘတ်အသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၁ ဂိုးသွင်းယူခဲ့တဲ့ အသင်း ခေါင်းဆောင် ရော်နယ်လ်ဒိုဟာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၁၀၀ ပြည့်ခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းအတွက် ဆော်ဒီပရိုလိဂ် ပွဲပေါင်း ၁၀၅ ပွဲ ကစားအပြီးမှာ သွင်းဂိုး ၁၀၀ ပြည့်ခဲ့တာပါ။
ဒီပွဲက သွင်းဂိုးကြောင့် ရော်နယ်လ်ဒိုဟာ ဒီရာသီ လိဂ်ပြိုင်ပွဲမှာ ၂၆ ဂိုး သွင်းယူထားပြီး ကစားသမားဘဝ သွင်းဂိုး အရေအတွက်ဟာ ၉၇၁ ဂိုးအထိ ရှိလာခဲ့ပါတယ်။
အယ်လ်နာဆာအသင်းနည်းပြ ဂျော့ချ်ဂျီးဆပ်က ရော်နယ်လ်ဒိုဟာ တိုက်စစ်မှာ အမြဲတမ်း အန္တရာယ်ရှိတဲ့သူဖြစ်ပြီး ဒီပွဲမှာ ဒါကို ထပ်မြင်တွေ့ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။

ရော်နယ်လ်ဒိုကို တွေ့ရစဉ်
အယ်လ်ရှာဘတ်အသင်းနဲ့ပွဲမှာ အယ်လ်နာဆာအသင်းအတွက် နောက်ထပ် သွင်းဂိုးတွေကို ဂျာအိုဖီးလစ်က ဟက်ထရစ် သွင်းယူခဲ့တာဖြစ်ပြီး အသင်းဟာ ဒီနိုင်ပွဲကြောင့် အဆင့် ၂ နေရာက အယ်လ်ဟီလယ်အသင်းထက် ၁ ပွဲ ပိုကစားကာ ရမှတ် ၅ မှတ်အသာနဲ့ အဆင့် ၁ နေရာမှာ ရပ်တည်နေတာပါ။
အယ်လ်နာဆာအသင်းနဲ့ အယ်လ်ဟီလယ်အသင်းတို့ဟာ လာမယ့်ပွဲမှာ ထိပ်တိုက် တွေ့ဆုံမှာဖြစ်ပြီး ဒီပွဲမှာ အယ်လ်နာဆာအသင်း အနိုင်ရခဲ့ရင် ဆော်ဒီပရိုလိဂ်ဖလားကို ရယူနိုင်မှာ ဖြစ်ပါတယ်။
အယ်လ်နာဆာအသင်း နည်းပြက ဒီပွဲရဲ့ အရေးပါမှုကို သူတို့ အပြည့်အဝသိရှိပြီး အသေးစိတ် အချက်အလက်တွေ ကအစ ရလဒ်ကို ဆုံးဖြတ်နိုင်တယ်ဆိုတာ သိတဲ့အတွက် အပြည့်အဝ အာရုံစိုက်သွားမယ်လို့ ပြောခဲ့ပါတယ်။
အယ်လ်နာဆာအသင်းဟာ အာရှချန်ပီယံလိဂ် ၂ ဗိုလ်လုပွဲအဖြစ် ဂမ်ဘာအိုဆာကာအသင်းနဲ့ ယှဉ်ပြိုင်ရဖို့ရှိနေလို့ ဒီရာသီမှာ ဆုဖလား ၂ ခု ရယူနိုင်ဖို့ အခွင့်အရေးရှိနေတာ ဖြစ်ပါတယ်။
Source: ESPN
