CNI Sport News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅

အယ်လ်နာဆာအသင်း ခေါင်းဆောင် ရော်နယ်ဒိုဟာ ဆော်ဒီ အများပြည်သူ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့(PIF)က ဆော်ဒီပရိုလိဂ် ကလပ်ရဲ့ စီမံခန့်ခွဲမှုအဖွဲ့ကို ပြောင်းလဲပေးမယ်ဆိုတဲ့ အာမခံချက် မရခဲ့တာကြောင့် သူ့ရဲ့ ရပ်တည် ချက်ကို ဆက်ထိန်းသိမ်းတဲ့ အနေနဲ့ ၂ ပွဲဆက်တိုက် အသင်းရဲ့ပွဲကို ပါဝင်ဖွယ်မရှိဘူးလို့ ESPN က ဖော်ပြထားပါ တယ်။ 

လာမယ့် ရက်သတ္တပတ်တွေ အတွင်းမှာ ပြောင်းလဲမှုတွေ မပြုလုပ်နိုင်ဘူးဆိုရင် ရော်နယ်လ်ဒိုဟာ ဇွန်လမှာ ထွက်ခွာဖို့ တောင်းဆိုမယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်ရီယက်ဒ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဆော်ဒီ ပရိုလိဂ်ပွဲမှာ PIF ကို ဆန့်ကျင်တဲ့အနေနဲ့ ပါဝင်ကစားပေးဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ 

PIF ဟာ အယ်လ်နာဆာအသင်းကို လုံလောက်တဲ့ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ပေးဘဲ သူတို့ရဲ့ပြိုင်ဘက် အယ်လ်ဟီလယ်အသင်းကို အားသာအောင် ပြုလုပ်ပေးနေတာကြောင့် ရော်နယ်လ်ဒိုက စိတ်ပျက်နေတာပါ။ 

ရော်နယ်ဒိုကို တွေ့ရစဉ် 

ရော်နယ်လ်ဒိုဟာ အယ်လ်ဟီလယ်အသင်းထံ ဘန်ဇီမာ မပြောင်းရွှေ့အောင် ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့ပြီး ဒီအပြောင်းအရွှေ့က မျှတမှုမရှိသလို ခံစားခဲ့ရကြောင်း သတင်းရင်းမြစ်တွေက ESPN ကို ပြောခဲ့ပါတယ်။ 

ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းအတွက် ပွဲပါဝင် မကစားခဲ့ပေမယ့် အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ သူ့ရဲ့ပုံကို ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားခဲ့ပါတယ်။

ဒါပေမယ့် အယ်လ်နာဆာအသင်းရဲ့ တရားဝင် X ဆိုရှယ်မီဒီယာမှာတော့ နည်းပြ ဂျော့ချ်ဂျီးဆပ်စ်နဲ့ ရော်နယ်လ်ဒိုရဲ့ အသင်းဖော်တွေ လေ့ကျင့်နေတဲ့ပုံတွေသာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ 

ရော်နယ်လ်ဒိုနဲ့ အယ်လ်နာဆာအသင်းရဲ့ စာချုပ်ဟာ ၂၀၂၇ ရာသီကုန်အထိ သက်တမ်းရှိပေမယ့် ဒီရာသီကုန်ရင် အသင်းကနေ ထွက်ခွာနိုင်တဲ့ အချက်ရှိနေတယ်လို့ သိရပါတယ်။

ဒီရာသီမှာ အယ်လ်နာဆာအသင်းအတွက် ၂၂ ပွဲ ကစားထားပြီး ၁၈ ဂိုး သွင်းယူထားတဲ့ ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ ဥရောပကလပ် အသင်းတချို့နဲ့ အမေရိကန်ကလပ်တွေက စိတ်ဝင်စားနေပါတယ်။ 

Source: ESPN