CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၇

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်အစ်တီဟတ်အသင်းကို ၅ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ ဂိုးသွင်းယူပြီးနောက် ၂၀၂၃ ခုနှစ်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ဦးဆောင်နေပါတယ်။

ရော်နယ်ဒိုဟာ ဒီပွဲမှာ ပင်နယ်တီကနေ ၂ ဂိုး သွင်းယူပြီးနောက် ၂၀၂၃ ခုနှစ်အတွင်း သူ့ရဲ့ သွင်းဂိုး အရေအတွက် ဟာ ၅၃ ဂိုးအထိ ရှိလာခဲ့တာပါ။ 

အသက် ၃၈ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ အခုနှစ်အတွင်းမှာ ပေါ်တူဂီလက်ရွေးစင်နဲ့ အယ်လ်နာဆာအသင်း အတွက် ၅၈ ပွဲ ကစားထားအပြီးမှာ ဒီသွင်းဂိုးကို ရရှိခဲ့တာ ဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ ရော်နယ်ဒိုက ၅၃ ဂိုးနဲ့ ဦးဆောင်ထားပြီး ဟာရီကိန်းနဲ့ ဘတ်ပီက ၅၂ ဂိုးစီ၊ ဟာလန်းက ဂိုး ၅၀ သွင်းယူထားပါတယ်။

၂၀၂၃ ခုနှစ်ထဲမှာ ရော်နယ်ဒိုက အယ်လ်နာဆာအသင်းနဲ့ ၁ ပွဲကစားဖို့ ကျန်ရှိနေသေးပြီး ဘတ်ပီနဲ့ ဟာရီကိန်းတို့က ပွဲကစားဖို့ မရှိတော့ဘဲ မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းက ပွဲ ၂ ပွဲကစားဖို့ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ 

အဲ့ဒါကြောင့် ရော်နယ်ဒိုဟာ ၂၀၂၃ ခုနှစ်ရဲ့ တရားဝင် ဂိုးသွင်း အများဆုံး ကစားသမားဖြစ်ဖို့အတွက် ဟာလန်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

ရော်နယ်ဒိုကို တွေ့ရစဉ်

ရော်နယ်ဒိုဟာ အယ်လ်အစ်တီဟတ်အသင်းနဲ့ ပွဲမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ၁၉ ဂိုး သွင်းယူထားပြီး ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရော်နယ်ဒိုဟာ ဂိုးဖန်တီးမှု ၉ ဂိုးနဲ့ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမား အဖြစ် ဦးဆောင်နေပါတယ်။

ယူနိုက်တက် ကစားသမားဟောင်းဟာ အယ်လ်နာဆာအသင်းအတွက် ပြိုင်ပွဲစုံ ၄၉ ပွဲ ပါဝင်ကစားထားပြီး ၄၃ ဂိုး သွင်းယူကာ သွင်းဂိုး ၅၀ ပြည့်ဖို့လည်း နီးစပ်နေပြီ ဖြစ်ပါတယ်။ 

အယ်လ်နာဆာအသင်းဟာ အယ်လ်အစ်တီဟတ်အသင်းကို အနိုင်ရခဲ့ပေမယ့် ထိပ်ဆုံးနေရာက အယ်လ်ဟီလယ် အသင်းနဲ့ ၅ မှတ်အကွာ ဒုတိယနေရာမှာ ဆက်လက် ရပ်တည်နေပါတယ်။

အယ်လ်နာဆာအသင်းဟာ ၂၀၂၃ ခုနှစ်ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ဒီဇင်ဘာ ၃၀ ရက်မှာ အယ်လ်တာဝေါင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Daily Mail