CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၇

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ အယ်လ်အစ်တီဟတ်အသင်းတို့ ကစားခဲ့တဲ့ ဆော်ဒီစူပါဖလား ဆီမီး ဖိုင်နယ်ပွဲမတိုင်ခင် ပြိုင်ဘက်ပရိသတ်တွေက မက်ဆီရဲ့နာမည်ကို ဟစ်ကြွေးကာ လှောင်ပြောင်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းကစားသမားတွေ သွေးပူလေ့ကျင့်ခန်းပြုလုပ်ချိန်မှာ အယ်လ်အစ်တီဟတ်ပရိသတ်တွေက “မက်ဆီ၊မက်ဆီ၊မက်ဆီ”ဆိုပြီး ဟစ်ကြွေးခဲ့ကြတာပါ။

ဆော်ဒီစူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ အယ်လ်အစ်တီဟတ်အသင်းက ရော်နယ်ဒိုရဲ့ အယ်လ်နာဆာအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုဟာ ဒီပွဲမှာလည်း အသင်း ခေါင်းဆောင်အဖြစ် ပွဲထွက်ခွင့်ရခဲ့ပြီး ခေါင်းတိုက်ချက်နဲ့ ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ကောင်းမွန်တဲ့ ကာကွယ်မှုကြောင့် ဂိုးမသွင်းနိုင်ခဲ့တာပါ။ရော်နယ်ဒိုဟာ အယ်လ်နာဆာအတွက် ၂ ပွဲကစားအပြီးမှာ ဂိုးရယူနိုင်ခြင်းမရှိသေးပါဘူး။

ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ အယ်လ်နာဆာအသင်းအတွက် ၂ ပွဲကစားအပြီးမှာ ဂိုးပေါက်တည့်မှု ၁ ကြိမ်သာ ရှိသေးတယ်လို့လည်း အချက်အလက်တွေအရ သိရပါတယ်။ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းအတွက် ပွဲဦး မထွက်ခင် ပီအက်စ်ဂျီအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဆော်ဒီအောလ်စတားအတွက် ၂ ဂိုးသွင်းယူပြီး ခြေစွမ်း ပြသနိုင်ခဲ့ကာ အကောင်းဆုံးကစားသမားဆုကိုလည်း ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အယ်လ်နာဆာအသင်း ဂျာစီဝတ်ဆင်ပြီး ကစားတဲ့အချိန်မှာ ရော်နယ်ဒိုဟာ ခက်ခဲတဲ့ စတင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

အယ်လ်နာဆာအသင်းဟာ ဆော်ဒီစူပါဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရပေမယ့် အမှတ်ပေးလိဂ်မှာတော့ ထိပ်ဆုံးနေရာ မှာ ဦးဆောင်နေတာဖြစ်ပါတယ်။အယ်လ်နာဆာအသင်းဟာ ဆော်ဒီလိဂ်မှာ ၁၄ ပွဲကစားထားပြီး ရမှတ် ၃၃ မှတ်နဲ့ ဒုတိယနေရာက အယ်လ်ဟီလယ်အသင်းထက် ၁ ပွဲလျော့ကစားထားကာ ရမှတ် ၁ မှတ်အသာရနေတာပါ။

အယ်လ်နာဆာအသင်းဟာ ဖေဖော်ဝါရီလ ၃ ရက်မှာ ဆော်ဒီလိဂ်ပွဲစဉ်အဖြစ် အယ်လ်ဖတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:DailyMail