CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၇

ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ယှဉ်ပြိုင်ခွင့် ပြုမယ်ဆိုရင် ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲကို သပိတ် မှောက် နိုင်တယ်လို့ ယူကရိန်းအားကစားဝန်ကြီးက ပြောလိုက်ပါတယ်။

ယူကရိန်း အားကစားဝန်ကြီး ဗက်ဒိုင်းမ်ဂတ်စိန့်က “ကျနော်တို့ရဲ့ ရပ်တည်ချက်က မပြောင်းလဲပါဘူး။ ယူကရိန်း မှာ စစ်ပွဲရှိနေတဲ့ အချိန်အထိ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို နိုင်ငံတကာပြိုင်ပွဲတွေမှာ ပါဝင် ယှဉ်ပြိုင်ခွင့် မပြုသင့်ပါဘူး။ သပိတ်မှောက်မယ့် အလားအလာကို ကျနော်တို့ မငြင်းသလို၊ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ဖို့လည်း ငြင်းဆိုထားပါတယ်”လို့ သူ့ရဲ့တရားဝင် ဖေ့စ်ဘွတ်ခ်ပေ့ချ်မှာ ရေးသားထားတာပါ။

နိုင်ငံတကာ အိုလံပစ်ကော်မတီ(IOC) က ၂၀၂၄ အိုလံပစ်ပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေ ကြားနေအဖြစ် ပါဝင်ခွင့် ရနိုင်ဖို့အတွက် လမ်းကြောင်းတစ်ခုကို ရှာဖွေသွားမယ်လို့ ဗုဒ္ဓဟူးနေ့က ပြောခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်း အမျိုးသား အိုလံပစ် ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗက်ဒိုင်းမ်ဂတ်စိန့်က ဖြစ်နိုင်ဖွယ်ရှိတဲ့ သပိတ် မှောက်မှုနဲ့ ပတ်သက်ပြီး အမျိုးသား အားကစားအဖွဲ့ချုပ်တွေနဲ့ စတင်ဆွေးနွေးနေပြီ ဖြစ်ပါတယ်။

ဗက်ဒိုင်းမ်ဂတ်စိန့်က “အဖွဲ့ချုပ်တွေ၊ အားကစားသမားတွေနဲ့ ယဉ်ကျေးတဲ့ ကမ္ဘာကြီးတစ်ခုလုံးက အခုအချိန်မှာ အာရုံစိုက်ဖို့ ကျနော်မျှော်လင့်ပြီး အစွန်းရောက်မှုတွေကို အားကိုးစရာ မလိုဘူး”လို့ ပြောခဲ့တာပါ။

ယူကရိန်းသမ္မတ ဇာလန်းစကီးက လာမယ့် အိုလံပစ်ပြိုင်ပွဲမှာ ရုရှား အားကစား သမားတွေအတွက် နေရာ မရှိသင့်ဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အိုလံပစ်အလံနဲ့ ရုရှားအလံကိုတွေ့ရစဉ်

ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် ရုရှား အားကစားသမားတွေကို ဖယ်ထုတ်ဖို့ နိုင်ငံတကာ အိုလံပစ် ကော်မတီက အားကစားအဖွဲ့ချုပ်တွေထံ အရင်ဦးဆုံး တောင်းဆိုခဲ့တာပါ။ အခုအချိန်မှာတော့ အိုလံပစ်ကော်မတီ ဟာ ပြန်လည် ပါဝင်ခွင့် ပြုဖို့ နည်းလမ်းရှာလာခြင်း ဖြစ်ပါတယ်။

ဒါပေမယ့် နိုင်ငံကူး လက်မှတ်ကြောင့် ဘယ်အားကစားသမားတွေ မယှဉ်ပြိုင်ရဘူး ဆိုတာနဲ့ ဘယ်လို အားကစား သမားတွေ ပါဝင်နိုင်တယ်ဆိုတာကို အစိုးရက မဆုံးဖြတ်ရဘူးလို့ နိုင်ငံတကာ အိုလံပစ်ကော်မတီက ဗုဒ္ဓဟူးနေ့မှာ ပဲ ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လက နိုင်ငံတကာ အိုလံပစ်ကော်မတီ အကြီးအကဲ သောမတ်စ်ဘတ်ချ်က သူတို့အစိုးရတွေရဲ့ လုပ်ရပ် အတွက် အားကစားသမား တစ်ဦးချင်းအပေါ် အပြစ်ပေးလိုခြင်း မရှိဘူးလို့ ပြောခဲ့တာပါ။

IOC ရဲ့ ကြေညာချက်ကို တုန့်ပြန်တဲ့ အနေနဲ့ ဒီနိုင်ငံက အားကစားသမားတွေကို သူတို့ရဲ့ ပြိုင်ပွဲတွေမှာ ချန်လှပ် ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်က ပြောခဲ့ပါတယ်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်ကနေ သြဂုတ်လ ၁၁ ရက်နေ့အထိ ၂၀၂၄ နွေရာသီ အိုလံပစ်ပြိုင်ပွဲကို ကျင်းပသွား မှာဖြစ်ပြီး အားကစားနည်း အမျိုးအစား ၃၂ မျိုး ပါဝင်မှာဖြစ်ပါတယ်။ ဒီနောက် အားကစားသမား ၁၀၅၀၀ ခန့် ပါဝင် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

Source: BBC