CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁

ဘော့စနီးယား အသင်းဟာ နိုဝင်ဘာလထဲမှာ ရုရှားနဲ့ ကစားဖို့ စီစဉ်ထားတဲ့ ခြေစမ်းပွဲကို မကစားတော့ဘူးလို့ အတည်ပြု ပြောကြားလိုက်ပါတယ်။

ဘော့စနီးယား အသင်းဟာ ရုရှားနိုင်ငံကို သွားရောက်ပြီး နိုဝင်ဘာလ ၁၉ ရက် ဂတ်ဇ်ပွန်အရီနာမှာ ခြေစမ်းပွဲ ကစားမယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ နှစ်နိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့တာပါ။

ဒါပေမယ့် ဘော့စနီးယား ဘောလုံးအဖွဲ့ချုပ်ဟာ အသင်းရဲ့ အဓိကကြယ်ပွင့်တွေဖြစ်တဲ့ ဂျက်ကို၊ ယာနစ်တို့အပြင် ဘုတ်အဖွဲ့ဝင်တို့ရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပြီး ဒီပွဲကို ဖျက်သိမ်းဖို့ ဖိအားပေးမှုတွေ ခံခဲ့ရတာ ဖြစ်ပါတယ်။ ယူကရိန်း ဘောလုံးအဖွဲ့ချုပ်ကလည်း ဒီပွဲကို ဖျက်သိမ်းဖို့ ဖီဖာနဲ့ ယူအီးအက်ဖ်အေထံ တောင်းဆိုသွားမယ်လို့ ပြောခဲ့တာပါ။

အဲ့ဒါကြောင့် ဘော့စနီးယားဘောလုံးအဖွဲ့ချုပ် အမှုဆောင် အစည်းအဝေးမှာ ဒီခြေစမ်းပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြပြီး စီစဉ်ထားတဲ့အတိုင်း ကစားနိုင်မှာ မဟုတ်ပေမယ့် နောက်ပိုင်းမှာ ကစားနိုင်တယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းပဋိပက္ခကြောင့် ရုရှားလက်ရွေးစင်နဲ့ ကလပ်အသင်းတွေကို ဖီဖာနဲ့ ယူအီးအက်ဖ်အေက ကျင်းပတဲ့ ပြိုင်ပွဲ တွေမှာ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားပေမယ့် ခြေစမ်းပွဲကိုတော့ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့် ရှိတာပါ။

ဘော့စနီးယားအသင်းကိုတွေ့ရစဉ် (အာတီ)

ကာပင်ကိုင်တွယ်နေတဲ့ ရုရှားအသင်းဟာ နိုဝင်ဘာလ ၁၇ ရက်မှာ တာဂျစ်ကစ္စတန်အသင်းနဲ့ ခြေစမ်းပွဲ ကစား မယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့ပါတယ်။

ရုရှားဟာ ဒီလထဲမှာပဲ အီရန်အသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ရှိတယ်လို့ ပြီးခဲ့တဲ့ လပိုင်းတွေက သတင်းတွေ ထွက်ခဲ့ပေ မယ့် ကျင်းပမယ့် နေရာနဲ့ ကစားမယ့် နေ့ရက်ကို အတည်မပြုရသေးတာကြောင့် ပွဲကျင်းပဖို့ မသေချာတော့တာပါ။

အီရန်အသင်းဟာ အင်္ဂလန်အသင်းနဲ့ ကစားမယ့် ကမ္ဘာ့ဖလား အဖွင့်ပွဲမတိုင်ခင် နီကာရာဂွာနဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ရုရှားအသင်းဟာ တာဂျစ်ကစ္စတန်နဲ့ ခြေစမ်းပွဲပြီးရင် ဥဇဘတ်ကစ္စတန်နဲ့ပါ ခြေစမ်းပွဲ ကစားမယ်လို့ ရုရှားမီဒီယာ တွေက ဖော်ပြထားပါတယ်။

ရုရှားအသင်းဟာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ နောက်ပိုင်း ပထမဆုံးပွဲစဉ်အဖြစ် စက်တင်ဘာ ၂၄ ရက်က ကာဂျစ္စတန် အသင်းနဲ့ ခြေစမ်းပွဲကစားထားပြီး ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိထားတာ ဖြစ်ပါတယ်။

ရုရှားအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအော့ဖ် ပွဲစဉ်မှာ ကစားခွင့် မရခဲ့သလို လာမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲမှာလည်း ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရတာ ဖြစ်ပါတယ်။

Source: အာတီရ်သတင်းဌာန