CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅

ဘော့စနီးယားကြယ်ပွင့် ယာနစ်က မကြာသေးခင်က ကြေညာခဲ့တဲ့ နှစ်နိုင်ငံခြေစမ်းပွဲကို ဆန့်ကျင် ပေမယ့် ရုရှားကစားသမားတွေအပေါ်မှာ ဆိုးရွားတဲ့ သဘောထားမရှိပါဘူးလို့ ပြောဆိုလိုက်ပါတယ်။

ယာနစ်က “ကျနော်ဟာ နိုင်ငံအသင်း အားကစားဒါရိုက်တာဆီကနေ ဖုန်းခေါ်ဆိုမှုကို ရရှိခဲ့ပါတယ်။သူက ကျနော့်ကို ဒီပွဲနဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေကို ရှင်းပြခဲ့ပါတယ်။အခုအချိန်မှာ ဒါဟာ လုံးဝအဓိပ္ပါယ်မရှိဘူး လို့ ကျနော် ပြောလိုက်ပါတယ်။သူတို့ကို ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့က ပိတ်ပင်ထားသလို တကမ္ဘာလုံး က ဒါကို ဆန့်ကျင်နေတာပါ။ကျနော့်မှာ ရုရှားကစားသမားတွေကို ဆန့်ကျင်တာမရှိပါဘူး။ဒါပေမယ့် လူတိုင်းက ရုရှားသမ္မတ ပူတင်ကို ဆန့်ကျင်တယ်ဆိုရင်တော့ ကျနော်တို့လည်း သူတို့နောက်ကို လိုက်ရမှာပါ”လို့ DAZN နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

ဘော့စနီးယားအသင်းရဲ့ ပုံရိပ်မြှင့်ကစားသမားတွေဖြစ်တဲ့ ဂျက်ကိုနဲ့ ယာနစ်တို့ဟာ ရုရှားနဲ့ ခြေစမ်းပွဲ ကစားဖို့ စီစဉ်တာကို မကြာသေးခင်က မေးခွန်းတွေထုတ်ခဲ့ကြတာဖြစ်ပါတယ်။ဒီပွဲကို ကာတာကမ္ဘာ့ ဖလား စတင်ကျင်းပမယ့် ၁ ရက်မတိုင်ခင် စိန့်ပီတာစဘတ်မှာ ကျင်းပသွားဖို့ သတ်မှတ်ထားတာပါ။ ယူကရိန်းဘောလုံးအဖွဲ့ချုပ်ကတော့ ဒီခြေစမ်းပွဲကို ကြားဝင်စွက်ဖက်ပေးဖို့ ဖီဖာနဲ့ ယူအီးအက်ဖ်အေကို တောင်းဆိုမှုတွေ ရှိနေတာဖြစ်ပါတယ်။

ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့ဟာ ရုရှားကို ပြိုင်ပွဲတွေယှဉ်ပြိုင်ခွင့်သာ ပိတ်ပင်ထားတာပါ။ရုရှားကတော့ ဘော့စနီးယားနဲ့အပြင် အီရန်၊ ကာဂျစ္စတန်တို့နဲ့လည်း ခြေစမ်းပွဲကစားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ နိုင်ငံတကာက ဖိအားပေးမှုတွေရှိနေတာကြောင့် ဘော့စနီးယားအသင်းဟာ ရုရှားနဲ့ ခြေစမ်းမယ့် အစီ အစဉ်ကို ပြန်လည်သုံးသပ်သွားမယ်လို့ ဝန်ခံထားတာပါ။ဖီဖာကလည်း ဒီခြေစမ်းပွဲနဲ့ပတ်သက်ပြီး မှတ်ချက်ပေးခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

ရုရှားအသင်းဟာ ၂၀၂၁ နိုဝင်ဘာလက ခရိုအေးရှားအသင်းနဲ့ ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပြီး ကတည်းက ပွဲတွေယှဉ်ပြိုင်ကစားခြင်းမရှိတော့ပါဘူး။ရုရှားအသင်းဟာ စက်တင်ဘာ ၂၄ ရက်မှာ ပထမဆုံးပွဲစဉ်အဖြစ် ကာဂျစ္စတန်နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

Source:အာရ်တီ