CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆

ပီအက်စ်ဂျီ အသင်းနည်းပြ ဂယ်လ်တီယာက ဘတ်ပီနဲ့ အသင်းရဲ့ ဒုအသင်းခေါင်းဆောင်ရာထူး အငြင်းပွားမှုကို ရှင်းလင်းဖို့ ကင်မ်ပန်ဘီနဲ့ စကားပြောခဲ့တယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းက ပေးစ်ဒီကတ်ဆယ်လ်အသင်းကို ၇ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပြင်သစ်ဖလား ပွဲစဉ် အပြီးမှာ ဘတ်ပီဟာ နွေရာသီကတည်းက ဒုအသင်းခေါင်းဆောင် ဖြစ်ခဲ့တာလို့ ပြောခဲ့တာပါ။

ဒါပေမယ့် အသင်းခေါင်းဆောင် မာကွင်ဟိုစ် ပြီးနောက် ဒုအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်း ခံထားရတဲ့ ကင်မ်ပန်ဘီက ဒီအပြောင်းအလဲနဲ့ ပတ်သက်ပြီး သူ့ကို အသိပေးခြင်း မရှိဘူးလို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

L'Équipe က ဂယ်လ်တီယာဟာ ဖြစ်ပေါ်လာနိုင်တဲ့ နားလည်မှု လွဲမှားတာကို ဖြေရှင်းဖို့ နောက်ခံလူနဲ့ စကား ပြောခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပီအက်စ်ဂျီ အသင်းနည်းပြ ဂယ်လ်တီယာကိုတွေ့ရစဉ်

လက်ရှိ ပီအက်စ်ဂျီအသင်းမှာ ဒုအသင်းခေါင်းဆောင်တွေ အဖြစ် ဘတ်ပီ၊ ဗာရတ်တီ၊ ရာမို့စ်တို့နဲ့အတူ ကင်မ်ပန်ဘီ လည်း ပါဝင်တယ်လို့ ဂယ်လ်တီယာက ပြောခဲ့တာ ဖြစ်ပါတယ်။

အားလုံးကို ညီတူညီမျှအဖြစ် သတ်မှတ်ထားပြီး ပြင်သစ်ဖလားပွဲစဉ်မှာ ရာမို့စ်နဲ့ ဘတ်ပီတို့သာ ပါဝင်ခဲ့လို့ ပီအက်စ်ဂျီ အသင်းမှာ နှစ်ကာလ ပိုပြီး ကစားထားတဲ့ ဘတ်ပီကို အသင်းခေါင်းဆောင် လက်ပတ်ဝတ်ဆင် ခိုင်းခဲ့ တာလို့ သိရပါတယ်။

အရင်က ပွဲတွေမှာဆို မာကွင်ဟိုစ် မပါဝင်နိုင်တဲ့ အချိန်မှာ ကင်မ်ပန်ဘီက အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက် ခဲ့တာဖြစ်ပြီး ထရိုယတ်စ်နဲ့ ကစားခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက် ပွဲစဉ်မှာ နောက်ဆုံး ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။


မာကွင်ဟိုစ်နဲ့ ကင်မ်ပန်ဘီတို့ မပါဝင်နိုင်တဲ့ အချိန်မှာ ဗာရတ်တီက တာဝန်ယူခဲ့ရတာပါ။ လက်ရှိအချိန်မှာ ကင်မ်ပန်ဘီဟာ ဒဏ်ရာကြောင့် အနားယူနေရပြီး ပြင်သစ်လက်ရွေးစင်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မပါဝင်ခဲ့ရပါဘူး။

ပီအက်စ်ဂျီအသင်းဟာ တနင်္ဂနွေနေ့မှာ ပြင်သစ်လီဂူးဝမ်းပွဲအဖြစ် ရိမ်းစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မာကွင်ဟိုစ် ပါဝင်လာနိုင်လို့ အသင်းခေါင်းဆောင် အဖြစ် ပြန်ပြီး တာဝန်ယူရမှာ ဖြစ်ပါတယ်။

Source:Goal