CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၆

Le Parisien က ဘတ်ပီ ဟာ ပီအက်စ်ဂျီ အသင်းနဲ့ သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့အတွက် မူအရ သဘောတူညီမှုရရှိပြီလို့ ဖော်ပြခဲ့တဲ့အပေါ် ကစားသမားရဲ့ မိခင်ဖြစ်သူက ငြင်းဆိုသွားခဲ့ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ဘတ်ပီကို အသင်းမှာ ဆက်ရှိဖို့အတွက် စာချုပ်သစ် ချုပ်ဆိုနိုင်အောင် ကြိုးစားနေတာပါ။ ဘတ်ပီနဲ့ ပီအက်စ်ဂျီတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဇွန်လအကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး ကစားသမားဟာ တခြားတစ်သင်းကို အလွတ်နဲ့ ပြောင်းရွှေ့လို့ ရပြီဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်ရှိနေတဲ့ ရီးရယ်လ် အသင်းကို ပြောင်းရွှေ့ဖို့ ရှိနေတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာပါ။

ဒါပေမယ့် ဘတ်ပီဟာ ပီအက်စ်ဂျီ အသင်းနဲ့ ၂ နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ မူအရ သဘောတူညီခဲ့တယ်လို့ သတင်းတွေ ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဘတ်ပီ ရဲ့ မိခင်ကတော့ ဒီသတင်းတွေ ထွက်ပေါ်လာပြီး သိပ်မကြာခင်မှာ ပြန်တုံ့ပြန်သွားခဲ့ တာပါ။

ဘတ်ပီကိုတွေ့ရစဉ်(PSG Talk)

ဘတ်ပီ ရဲ့ မိခင်ဖြစ်သူက “ ပီအက်စ်ဂျီ ဒါမှမဟုတ် တခြားကလပ် အသင်းတွေနဲ့ မူအရ သဘောတူညီမှု မရှိပါဘူး။ ဒါတွေက လုံးဝ အမှားအယွင်းပါ ”လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဘတ်ပီ ကတော့ အခုအချိန်အထိ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ထုတ်ပြောခြင်း မရှိသေးတာပါ။ ပြင်သစ် တိုက်စစ်မှူးဟာ ဒီရာသီမှာ ပီအက်စ်ဂျီ အသင်းအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး ပြိုင်ပွဲစုံ ၄၃ ပွဲ ပါဝင်ကစားကာ ၃၅ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ ဘတ်ပီ ဟာ ပီအက်စ်ဂျီ အသင်းနဲ့အတူ ဒီရာသီ လီဂူးဝမ်း ဆုဖလားကို ရယူထားနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ဘတ်ပီဟာ ရီးရယ်လ် အသင်းကို ပြောင်းရွှေ့ဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပေမယ့် အသင်းက ခွင့်မပြုတဲ့အတွက် ပီအက်စ်ဂျီ အသင်းမှာ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ရီးရယ်လ် အသင်းကလည်း ဘတ်ပီ အတွက် ပီအက်စ်ဂျီက သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် ပြင်သစ်ကလပ်က ပယ်ချခဲ့တာကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

Source: Besoccer