CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၉

ရီးရယ်လ်အသင်းဟာ လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ ရမယ့် ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပီကို ခေါ်ယူမှာ မဟုတ်တော့ဘူးလို့ စပိန်သတင်းတွေမှာ ဖော်ပြထားပါတယ်။

နွေရာသီ အပြောင်းအရွှေ့ ရောက်ရှိဖို့ အချိန်တွေအများကြီး ကျန်ရှိနေသေးပေမယ့် ဘတ်ပီနဲ့ ရီးရယ်လ်အသင်း တို့ရဲ့ အပြောင်းအရွှေ့ သတင်းတွေဟာ ဒီရက်ပိုင်းပြန်ပြီး ထွက်ပေါ်နေပါတယ်။

ရီးရယ်လ်အသင်းဟာ ဘတ်ပီကို ခေါ်ယူဖို့ လွန်ခဲ့တဲ့နှစ်တွေထဲက ကြိုးစားခဲ့တာဖြစ်ပေမယ့် Cadena Ser ကတော့ စပိန်ကလပ်ဟာ အခုရာသီအကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရနိုင်မယ့် ပြင်သစ်တိုက်စစ်မှူးကို ခေါ်ယူဖို့ ငြင်းဆန်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

Cadena Ser က ဘတ်ပီကို ရီးရယ်လ်အသင်း မခေါ်ယူတဲ့ အဓိကအကြောင်းအရင်း ၃ ချက်ကိုလည်း ဖော်ပြထားခဲ့ ပါတယ်။ 

ပထမအချက်ကတော့ ဘတ်ပီရဲ့ လုပ်ခလစာ မြင့်မားမှုဖြစ်ပြီး သူ့ကို ခေါ်ယူမယ်ဆိုရင် လက်မှတ်ထိုးကြေးကို လည်း မြင့်မားစွာပေးချေရဖို့ ရှိနေတာ ဖြစ်ပါတယ်။ 

ဘတ်ပီကိုတွေ့ရစဉ်

ဒုတိယအချက်ကတော့ ဘတ်ပီဟာ လူတိုင်းချစ်ခင်ကြတဲ့ လူငယ်ကစားသမား မဟုတ်တော့တာပါ။ ရီးရယ်လ် အသင်းဟာ ကာမာဗင်ဂါ၊ ဗီနီစီးယက်စ်၊ ဘယ်လင်ဂမ်၊ ရိုဒရီဂိုတို့လို လူငယ်တွေနဲ့ အသင်းကို နှစ်ပေါင်းများစွာကြာ ဦးဆောင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

နောက်ဆုံးအချက်ကတော့ ဘတ်ပီဟာ ၂၀၂၂ ခုနှစ်မှာ ရီးရယ်လ်အသင်းကို ပြောင်းဖို့ ငြင်းဆန်ပြီး ပီအက်စ်ဂျီနဲ့ စာချုပ် သက်တမ်းတိုးခဲ့တာကို ကလပ်အသင်းက ဒေါသထွက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

စပို့တင်းဘရာဂါအသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်အပြီးမှာ ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီဟာ ဘတ်ပီနဲ့ ပတ်သက်ပြီး မေးမြန်းခံခဲ့ရပေမယ့် ဘာမှတ်ချက်မှ မပေးချင်ဘူးလို့ ဖြေသွားခဲ့ပါတယ်။ 

ဘတ်ပီနဲ့ ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ကစားသမားကတော့ ပြင်သစ်ကလပ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ ရည်ရွယ်ထားခြင်း မရှိဘူးလို့ သိရပါတယ်။

Source: Besoccer