CNI Sport News

 ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆

ပြင်သစ်တိုက်စစ်မှူး ဘတ်ပီဟာ ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာမယ်ဆိုပြီး ပီအက်စ်ဂျီအသင်းကို ပြောခဲ့တယ်လို့ အားကစားသတင်းတွေ အများအပြားက ဖော်ပြထားပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ ဘတ်ပီနဲ့ ပီအက်ဂျီအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး ကစားသမားဟာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတာပါ။

ဘတ်ပီဟာ ပြီးခဲ့တဲ့နွေရာသီက သူ့ရဲ့ စာချုပ်ကို နောက်ထပ် တစ်နှစ်ထပ်ပြီး သက်တမ်းတိုးမှာ မဟုတ်ဘူးလို့ ပြောခဲ့တဲ့အတွက် ပီအက်စ်ဂျီအသင်းနဲ့ အဆင်မပြေမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းကြီး လူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရသလို အသင်းရဲ့ ရာသီအကြို အာရှခရီးစဉ် လူစာရင်းကနေလည်း ချန်လှပ်ခံခဲ့ရပါတယ်။

နောက်ဆုံးမှာ ဘတ်ပီနဲ့ ပီအက်စ်ဂျီအသင်း တာဝန်ရှိသူတွေဟာ ဆွေးနွေးမှုတွေ ပြုလုပ်ပြီး ကစားသမားကို အသင်းလူစာရင်းထဲ ပြန်လည်ထည့်သွင်းခဲ့တာပါ။ 

ဘတ်ပီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ခြေစွမ်းပြသနေတာကြောင့် စာချုပ်သစ်ချုပ်ဆိုပြီး အသင်းမှာ ဆက်ထိန်းဖို့ ပြင်သစ်ကလပ်က ကြိုးစားခဲ့ပေမယ့် ကစားသမားကတော့ အသင်းကထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

ဘတ်ပီကို တွေ့ရစဉ်

ဘတ်ပီဟာ လာမယ့်လ အနည်းငယ်အတွင်းမှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာမယ့်အကြောင်းကို တရားဝင် ကြေညာဖွယ် ရှိနေပါတယ်။

ဘတ်ပီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ပွဲပေါင်း ၃၀ ပါဝင် ကစားထားပြီး ၃၁ ဂိုး သွင်းယူကာ ၇ ဂိုး ဖန်တီးထားတာပါ။ 

အသက် ၂၅ နှစ်အရွယ်ရှိ ဘတ်ပီဟာ မိုနာကိုအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ၂၀၁၇ ကတည်းက ပီအက်စ်ဂျီ အသင်းအတွက် ၂၉၀ ပွဲ ပါဝင်ကစားထားပြီး ၂၄၃ ဂိုး သွင်းယူကာ ၉၃ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။ 

ပြင်သစ်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းနဲ့အတူ လီဂူးဝမ်းဆုဖလား ၅ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၃ လုံး ရယူနိုင်ခဲ့တာပါ။

ပီအက်စ်ဂျီအသင်းဟာ ဒီရာသီ လီဂူးဝမ်းပြိုင်ပွဲမှာ ဒုတိယနေရာက နိုက်စ်အသင်းကို ၁၁ မှတ်အသာရပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဦးဆောင်နေသလို ပြင်သစ်ဖလားပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ်ကို ရောက်ရှိနေပါတယ်။ 

ဒါအပြင် ပြင်သစ်ကလပ်ဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာလည်း ဆိုစီဒက်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် ဒီရာသီဆုဖလား ၃ လုံးရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတာပါ။

ဘတ်ပီကတော့ ပီအက်စ်ဂျီအသင်း ကစားသမားဘဝ နောက်ဆုံးရာသီမှာ အသင်းကို ဆုဖလားအောင်မြင်မှုတွေ ရယူပေးပြီး နှုတ်ဆက်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ 

Source: BBC