CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅

ရာသီသစ်မစတင်ခင် ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ မြန်မာနေရှင်နယ်လိဂ်ကလပ် ရခိုင်ယူနိုက်တက်အသင်းဟာ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း ကြည်လင်းကို ခေါ်ယူခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းနဲ့အတူ မြန်မာနေရှင်နယ်လိဂ်ဖလား ၃ ကြိမ် ရယူနိုင်ခဲ့တဲ့ ကြည်လင်းဟာ ၂၀၂၀ ခုနှစ် ဘောလုံးရာသီအပြီးမှာ ကစားသမားဘဝက အနားယူခဲ့တာပါ။

ကြည်လင်းဟာ မကြာသေးခင်က အပျော်တမ်းပြိုင်ပွဲကနေ မြန်မာနေရှင်နယ်လိဂ်-၂ ကို တန်းတက်ဖို့ ယှဉ်ပြိုင်ခဲ့တဲ့ ရန်ကုန်ဂလက်ဇီအသင်းမှာ ပါဝင်ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ကြည်လင်းဟာ အခုအချိန်မှာတော့ ရခိုင်ယူနိုက်တက်အသင်းနဲ့ ဖေဖော်ဝါရီ ၁၅ ရက်က စာချုပ်ချုပ်ခဲ့ပြီး အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပါဝင်နေပြီဖြစ်ပါတယ်။

ကြည်လင်း၊ ကျော်ကိုကို၊ ကောင်းစည်သူတို့ကို တွေ့ရစဉ်

ရခိုင်ယူနိုက်တက်အသင်းဟာ မကြာသေးခင်ကလည်း ကြည်လင်းရဲ့ ရန်ကုန်ယူနိုက်တက်အသင်းဖော်ဟောင်း ကျော်ကိုကို ကိုခေါ်ယူထားတာ ဖြစ်ပါတယ်။ 

ဒါအပြင် ရခိုင်ယူနိုက်တက်အသင်းဟာ တိုက်စစ်မှူး ကောင်းစည်သူကိုလည်း ၁ နှစ် စာချုပ်ချုပ်ဆိုခဲ့တယ်လို့ ကြေညာခဲ့တာပါ။

ကောင်းစည်သူဟာ ပြီးခဲ့တဲ့ရာသီရဲ့ ရာသီဝက်မှာ ရခိုင်ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ တာကြောင့် နောက်ထပ် စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ နာမည်ကြီး ပြည်တွင်း ကစားသမားတွေ အပါအဝင် နိုင်ငံခြားသား နည်းပြနဲ့ နိုင်ငံခြား ကစားသမားတွေကိုလည်း ခေါ်ယူထားတာပါ။ 

ပြီးခဲ့တဲ့ရာသီက မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ အဆင့် ၈ နေရာနဲ့သာ ရာသီအဆုံးသတ်နိုင်ခဲ့တဲ့ ရခိုင်ယူနိုက်တက် အသင်းဟာ ဒီရာသီ ထိပ်တန်းအဆင့်မှာ ရပ်တည်နိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။