CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၆

ပေါ့ဘာက ယူနိုက်တက် အသင်းဖော်ဟောင်း ရော်နယ်ဒိုရဲ့ စည်းကမ်းပိုင်းနဲ့ ပတ်သက်ပြီး ချီးကျူးသွားခဲ့သလို သူ့လိုလူမျိုးကို မတွေ့ဖူးဘူးလို့ ပြောလိုက်ပါတယ်။

ပေါ့ဘာက “ရော်နယ်ဒိုရဲ့ စည်းကမ်းပိုင်းကတော့ တကယ်ကို မယုံနိုင်စရာပါပဲ။ ဒီလိုမျိုးကို ကျနော် မမြင်တွေ့ဖူးပါဘူး။ သူ့ရဲ့ စည်းကမ်းပိုင်းက နောက်ထပ် အဆင့်တစ်ခုကို ရောက်ရှိနေပါပြီ။ ကျနော်ဟာ ပရော်ဖက်ရှင်နယ် ကစားသမား အများအပြားကို တွေ့ခဲ့ဖူးပါတယ်။ သူတို့တွေဟာ အလွန် ပရော်ဖက်ရှင်နယ်ဆန်ပြီး စောစောစီးစီး ရောက်လာခဲ့ပါတယ်။ သူတို့တွေဟာ ပြန်လည်ထူထောင်ရေးနဲ့ ဒီလိုမျိုး အရာတွေကို လုပ်ကြပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုကတော့ ဒီလိုမျိုးတွေကို နေ့တိုင်းလုပ်ပြီး မရပ်တန့်ခဲ့ပါဘူး။ တစ်ရက်လေးတောင် လွဲချော်တဲ့သူ မဟုတ် ပါဘူး။ သူ့ရဲ့ စည်းကမ်းပိုင်းက ဒါတွေကို နေ့တိုင်းလုပ်ဖို့ တွန်းအားပေးနေတာပါ”လို့ ပြောခဲ့တာပါ။

ရော်နယ်ဒိုနဲ့ ပေါ့ဘာတို့ဟာ ယူနိုက်တက်အသင်းမှာ ပြီးခဲ့တဲ့ရာသီက အတူတွဲကစားခဲ့ကြပြီး အခုအချိန်မှာတော့ ၂ ဦးစလုံးဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့ကြပြီ ဖြစ်ပါတယ်။

သူတို့ ၂ ဦးစလုံးဟာ ယူနိုက်တက်အတွက် ဒုတိယအကြိမ်မြောက်အဖြစ် ပြန်လာကစားခဲ့ကြသလို ဂျူဗင်တပ်စ် အသင်းမှာလည်း ကစားခဲ့ကြတာပါ။ ပေါ့ဘာဟာ ရော်နယ်ဒိုနဲ့ ပြီးခဲ့တဲ့ရာသီကသာ အတူတွဲ ကစားခဲ့ဖူးပေမယ့် သူ့ရဲ့ စိတ်နေစိတ်ထားနဲ့ ခံယူချက်တွေကို ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

ပေါ့ဘာနဲ့ရော်နယ်ဒိုကိုတွေ့ရစဉ်

ပေါ့ဘာဟာ လက်ရှိအချိန်မှာ အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းထံ ပြန်လည်ရောက်ရှိနေပြီး ခြေစမ်းပွဲ ၁ ပွဲ တည်းသာ ပါဝင်ကစားထားရပြီးနောက် ဒဏ်ရာကြောင့် အနားယူနေရပါတယ်။

ဒဏ်ရာကြောင့် ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို မပါဝင်နိုင်ခဲ့တဲ့ ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းနဲ့အတူ အမြန်ဆုံး ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေပေမယ့် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းထံ ပြောင်းဖို့ နီးစပ်နေတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။

အယ်လ်နာဆာအသင်းဟာ ရော်နယ်ဒိုကို ၂၀၃၀ အထိ စာချုပ်ဖို့ စီစဉ်နေပြီး တစ်နှစ်လုပ်ခ ယူရိုသန်း ၂၀၀ အထိ ပေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

Source: Daily Mail