CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၄

၂၀၂၂ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် စင်ကာပူနဲ့ မြန်မာအသင်းတို့ စင်ကာပူမြေမှာ ကစားခဲ့တာမှာ အိမ်ရှင်အသင်းက ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရ သွားခဲ့ပါတယ်။

ပထမပိုင်းမှာ ကတည်းက နှစ်သင်းစလုံးဟာ အပြန်အလှန် အကြိတ်အနယ်ရှိခဲ့ပြီး ပွဲချိန် ၃၄ မိနစ်မှာ မောင်မောင်လွင်က မြန်မာအသင်းအတွက် အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် စင်ကာပူအသင်းက ချေပဂိုးရဖို့ ပြန်အားထုတ်ခဲ့လို့ ပထမပိုင်းပြီးကာနီးမှာ ဖန်ဒီက ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

အဲ့ဒါကြောင့် ပထမပိုင်းက ၁ ဂိုးစီ သရေနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ စင်ကာပူအသင်းက ဦးဆောင်ဂိုးရဖို့ ဖိကစားခဲ့တာကြောင့် ပွဲချိန် ၄၉ မိနစ်မှာ ရှာဟီရန်က စင်ကာပူအတွက် ဦးဆောင်ဂိုး ရယူ သွားခဲ့ပါတယ်။

ဒါပေမယ့် မြန်မာအသင်းက ချေပဂိုးရဖို့ ပြန်ဖိကစားလာခဲ့လို့ ပွဲချိန် ၆၆ မိနစ်မှာ ချေပဂိုး ပြန်ရခဲ့ပါတယ်။ ဒီဂိုးကို မောင်မောင်လွင်ကပဲ သွင်းယူခဲ့တာပါ။

၂ ဂိုးစီ သရေကျနေခဲ့တာကြောင့် ပွဲက အရှိန်အမြင့်ဆုံးကို ရောက်ရှိလာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ စင်ကာပူအသင်းက နောက်ထပ် ဂိုး ထပ်ရသွားခဲ့ပါတယ်။ စင်ကာပူ ဂိုးသမား တင်ပေးလိုက်တဲ့ ဘောလုံးကို အရှေ့မှာ အသင့်ရှိနေတဲ့ တိုက်စစ်မှူး ရှာဝဲလ်က သွင်းယူခဲ့တာပါ။

မြန်မာအသင်းက ချေပဂိုး ပြန်ရဖို့ ကြိုးစားရင်းနဲ့ ပွဲချိန် ၈၁ မိနစ်မှာ နန္ဒကျော် တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ် ခံခဲ့ရပါတယ်။ ကစားသမားနှစ်ဦး ထိခိုက်မိတဲ့ အနေအထားကနေ ဒိုင်လူကြီးက မြန်မာအသင်း ကစားသမားကို ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ တစ်ယောက်လျော့ အနေအထားကနေ ချေပဂိုးရဖို့ ဆက်တိုက် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ အခွင့်အရေးတွေလည်း ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် စင်ကာပူအသင်းကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။