CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅

ကမ္ဘာ့နံပါတ် ၁ တင်းနစ်ကစားသမားဟောင်း ရာဖေးလ်နာဒယ်လ်က အခုနှစ်ထဲ ကျင်းပမယ့် ပြင်သစ်အိုးပန်းနဲ့ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရည်မှန်းထားတယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်က ပြောလိုက်ပါတယ်။

ရာဖေးလ်နာဒယ်လ်က “ကျနော် ဘယ်ပြိုင်ပွဲတွေကစားဖို့ ကျန်ရှိနေသေးလဲဆိုတာ မသိပေမယ့် ပြင်သစ်အိုးပန်း ကတော့ ကျနော်ရည်မှန်းထားတဲ့ ပြိုင်ပွဲတွေထဲက တစ်ခုဖြစ်ပါတယ်။ ပြီးတော့ အိုလံပစ်ပြိုင်ပွဲမှာလည်း ကျနော် ပါဝင်ကစားချင်ပါတယ်။ ဒါတွေက ကျနော် အခုအတည်ပြုလို့ရတဲ့ အရာမဟုတ်ပေမယ့် ကျနော် ပါဝင်ယှဉ်ပြိုင် နိုင်မယ်ဆိုတာ မျှော်လင့်ပါတယ်”လို့ စပိန်ရုပ်သံ La Sexta နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

အသက် ၃၇ နှစ်အရွယ်ရှိ စပိန်တင်းနစ်သမား ရာဖေးလ်နာဒယ်လ်ဟာ ပြင်သစ်အိုးပန်း ချန်ပီယံဆုကို စံချိန်တင် ၁၄ ကြိမ် ရရှိထားတာ အပါအဝင် ဂရမ်းဆလမ်း တစ်ဦးချင်း ချန်ပီယံဆု ၂၂ ကြိမ်အထိ ရရှိထားတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ရာဖေးလ်နာဒယ်လ်ဟာ နောက်ပိုင်းနှစ်တွေမှာ ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရပြီး လာမယ့်အပတ်မှာ ကျင်းပမယ့် ကာတာအိုးပန်းပြိုင်ပွဲကနေလည်း နုတ်ထွက်ထားခဲ့တာပါ။

ရာဖေးလ်နာဒယ်လ်ဟာ ပြီးခဲ့တဲ့လက ဘရစ်စဘိန်းပြိုင်ပွဲမှာရရှိခဲ့တဲ့ ကြွက်သားစုတ်ပြဲ ဒဏ်ရာကနေ ပြန်ကောင်းမွန်လာခြင်း မရှိသေးတဲ့အတွက် တင်းနစ်ပြိုင်ပွဲတွေကို ပြန်လည်ယှဉ်မပြိုင်သေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ရာဖေးလ်နာဒယ်လ်ကို တွေ့ရစဉ်

စပိန်တင်းနစ်သမားဟာ ပြီးခဲ့တဲ့လက ဆော်ဒီတင်းနစ်အဖွဲ့ချုပ်ရဲ့ သံတမန်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ 

ရာဖေးလ်နာဒယ်လ်ဟာ ဆော်ဒီနိုင်ငံရဲ့ တင်းနစ်အားကစားနည်းကို တိုးတက်အောင် ကူညီပေးဖို့၊ မျိုးဆက်သစ် တင်းနစ်ကစားသမားတွေ ထွက်ပေါ်လာဖို့နဲ့ နိုင်ငံအတွင်းမှာ သူ့ရဲ့အကယ်ဒမီကို ဖန်တီးဖို့ စီစဉ်ထားတာပါ။

ရာဖေးလ်နာဒယ်လ်က “ကျနော့်ရဲ့ ကတိကဝတ်က တင်းနစ်ကို မြှင့်တင်ပေးဖို့နဲ့ ရည်မှန်းချက်တွေကို အောင်မြင် အောင် ကြိုးစားဖို့ပါ။ ဆော်ဒီက သူ့ရဲ့ပုံရိပ်ကို ဆေးကြောဖို့ ကျနော့်ကို မလိုအပ်ဘူးလို့ ထင်ပါတယ်။ ဒါကလည်း ကျနော့် ရည်မှန်းချက် မဟုတ်ပါဘူး။ လူတွေက မေးခွန်းတွေမမေးဘဲ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို ပေးကြ ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဆော်ဒီနိုင်ငံဟာ ဘောလုံး၊ စက်ဘီးနဲ့ ဂေါက်သီးရိုက် အားကစားပြိုင်ပွဲတွေ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ အားကစားကဏ္ဍတွေမှာ ဘီလီယံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံကာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အာရုံလွှဲစေဖို့ ကြိုးပမ်းနေတယ်ဆိုပြီး ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ခံနေရတာဖြစ်ပါတယ်။

Source: CNA