CNI Sport News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၆

ပြင်သစ်အသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အီဂျစ်အသင်းကို အချိန်ပိုမှာ အနိုင်ရပြီးနောက် နှစ်ပေါင်း ၄၀ အကြာမှ ပထမဆုံးအကြိမ်အဖြစ် အိုလံပစ်အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကို တက်နိုင်ခဲ့ပါတယ်။ 

ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အီဂျစ်အသင်းက ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး ဆာဘာက သွင်းယူခဲ့ပေမယ့် မာတီတာက ပြင်သစ်အသင်းအတွက်ချေပဂိုးသွင်းယူခဲ့လို့ မိနစ် ၉၀ အတွင်း ၁ ဂိုးစီသရေကျပြီး အချိန်ပို ဆက်ယှဉ်ပြိုင်ခဲ့ ရတာပါ။ 

အချိန်ပိုမှာ မာတီတာနဲ့ အိုလီဆီတို့က ပြင်သစ်အသင်းအတွက် အနိုင်ဂိုး သွင်းယူခဲ့တာကြောင့် ပွဲအပြီးမှာ ပြင်သစ်အသင်းက အီဂျစ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး အိုလံပစ်ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ပြင်သစ်အသင်းဟာ ၁၉၈၄ အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရယူပြီးနောက် အောင်မြင်မှုနဲ့ ဝေးကွာခဲ့ပြီး နှစ်ပေါင်း ၄၀ အကြာမှ ပထမဆုံးအကြိမ် ဗိုလ်လုပွဲကို ပြန်တက်နိုင်ခဲ့တာပါ။ 

ပြင်သစ်အသင်းဟာ ဗိုလ်လုပွဲမှာ မော်ရိုကို အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အနိုင်ရခဲ့တဲ့ စပိန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

ပြင်သစ် အသင်းနည်းပြ အွန်နရီက အိုလံပစ်ပြိုင်ပွဲမှာ ဆုတံဆိပ်ရဖို့ သေချာနေပေမယ့် ရွှေတံဆိပ်ရယူနိုင်ဖို့အတွက် လုပ်ဆောင်ရဦးမယ်လို့ ပြောခဲ့ပါတယ်။

အွန်နရီက “ကစားသမားတွေအားလုံးကို အသိအမှတ်ပြုပါတယ်။ အီဂျစ်က ဒီပွဲမှာ အလွန်ကောင်းမွန်ခဲ့ပြီး ကျနော် တို့ကလည်း အနိုင်ရအပြီးမှာ ဘယ်တော့မှမရပ်တန့်ခဲ့ပါဘူး။ ပရိသတ်တွေက ကျနော်တို့ကို ဆက်သွားဖို့ တွန်းအား ပေးခဲ့ပါတယ်။ အခုအချိန်မှာ ဆုတံဆိပ်ရဖို့သေချာနေပေမယ့် နှစ်ပေါင်း ၄၀ အကြာမှာ ပထမဆုံးဘောလုံး ရွှေတံဆိပ်ရယူနိုင်ဖို့ နောက်ထပ်ခြေတစ်လှမ်းရှိပါသေးတယ်။ စပိန်က ဗိုလ်လုပွဲမှာ ကျနော်တို့ကို စောင့်နေပြီး ပွဲကြီးပွဲကောင်းဖြစ်လာမှာပါ”လို့ ပြောခဲ့ပါတယ်။

ပြင်သစ်အသင်းကို အရေးနိမ့်ခဲ့တဲ့ အီဂျစ်အသင်းကတော့ တတိယနေရာလုပွဲအဖြစ် မော်ရိုကိုအသင်းနဲ့ ယှဉ်ပြိုင် ရမှာပါ။ 

အိုလံပစ်အမျိုသားဘောလုံးပြိုင်ပွဲတတိယနေရာလုပွဲကို သြဂုတ်လ ၈ ရက်နဲ့ ဗိုလ်လုပွဲကိုတော့ သြဂုတ်လ ၉ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ 

Source:ChannelNewsAsia