CNI Sport News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၉

အိုလံပစ်အမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲအဖြစ်ကစားခဲ့တဲ့ မော်ရိုကိုနဲ့ အီဂျစ်အသင်းတို့ပွဲစဉ်မှာ မော်ရိုကိုအသင်းက ၆ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရပြီး ကြေးတံဆိပ်ရရှိသွားခဲ့ပါတယ်။ 

မော်ရိုကိုအသင်းအတွက်တော့ အိုလံပစ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်ဘောလုံးအားကစားကနေ ဆုတံဆိပ် ရယူနိုင်ခဲ့တာပါ။

ဒီပွဲမှာ မော်ရိုကိုအသင်းအတွက် ၂ ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ရာဟီမီဟာ ၂၀၂၄ အိုလံပစ်ပြိုင်ပွဲမှာ ၈ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။

ရာဟီမီဟာ ၂၀၀၄ အိုလံပစ်ပြိုင်ပွဲက တီဗက်ဇ်နောက်ပိုင်း အိုလံပစ်ပြိုင်ပွဲမှာ ဂိုးအများဆုံးသွင်းယူနိုင်တဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။ 

မော်ရိုကိုအသင်းကို အရေးနိမ့်ခဲ့တဲ့ အီဂျစ်အသင်းဟာ ၁၉၂၈ အမ်စတာဒမ်နဲ့ ၁၉၆၄ တိုကျိုအိုလံပစ်ပြိုင်ပွဲ နောက်ပိုင်း အိုလံပစ်ပြိုင်ပွဲမှာ စတုတ္ထနေရာကို ၃ ကြိမ်မြောက်ရရှိခဲ့တာဖြစ်ပါတယ်။

မော်ရိုကိုအသင်းကြီးဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ ရောက်ရှိခဲ့သလို အခုလူငယ်အသင်းကလည်း အိုလံပစ် ပြိုင်ပွဲမှာ ကြေးတံဆိပ်ရယူနိုင်ခဲ့လို့ နိုင်ငံအသင်းအတွက် ပြိုင်ပွဲကြီးတွေမှာ အောင်မြင်မှုတွေရယူနိုင်ခဲ့တာပါ။ 

မော်ရိုကိုအသင်းတိုက်စစ်မှူး အက်ခ်ဟိုမတ်ချ်က “ကျနော်တို့ ရွှေတံဆိပ်ရယူချင်ခဲ့တယ်ဆိုတာ သေချာပေမယ့် ဒီလိုပွဲမျိုးအနိုင်ရဖို့၊ ပရိသတ်တွေအများကြီးအရှေ့မှာ နိုင်ငံအတွက် ပထမဆုံးဆုတံဆိပ်ရယူပေးနိုင်ခဲ့တာက မယုံနိုင်လောက်အောင်ကောင်းမွန်တဲ့ ခံစားမှုပါပဲ” လို့ ပြောခဲ့ပါတယ်။

အီဂျစ်အသင်းနည်းပြ ရိုဂျီရီယိုက မော်ရိုကိုအသင်းကို ဂုဏ်ပြုခဲ့ပြီး သူတို့ဟာ ဂိုးအရှေ့မှာမယုံနိုင်လောက်အောင် ကောင်းမွန်ခဲ့တယ်လို့ ပြောခဲ့တာပါ။

အီဂျစ်အသင်းဟာ အုပ်စုတွင်းမှာ စပိန်အသင်းကို အနိုင်ရခဲ့ပေမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အိမ်ရှင်ပြင်သစ်အသင်းကို အချိန်ပိုမှာ အရေးနိမ့်ခဲ့ပြီး အခုတတိယနေရာလုပွဲမှာ မော်ရိုကို အသင်းကို အရေးနိမ့်ကာ ဆုတံဆိပ်နဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။ 

Source:ESPN