CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၈

ယူနိုက်တက်အသင်းဟာ လူဦးရေ ၁ သိန်းဆံ့တဲ့ ကွင်းအသစ် တည်ဆောက်မယ်ဆိုရင်တောင် အိုးထရက်ဖို့ဒ် ကွင်းကို လူဦးရေ ဝင်ဆံ့တဲ့ဦးရေ လျှော့ချပြီး ဆက်ထိန်းသိမ်းဖို့ စီစဉ်နေပါတယ်။

၁၉၁၀ ခုနှစ်ကတည်းက ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်းဖြစ်ခဲ့တဲ့ အိုးထရက်ဖို့ဒ်ကွင်းဟာ ကွင်းအသစ် တည်ဆောက်ဖို့အတွက် ဖြိုချခံရဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ အိုးထရက်ဖို့ဒ်ကွင်း အနီးအနားမှာရှိတဲ့ မြေနေရာတွေကို ပိုင်ဆိုင်ထားပေမယ့် လူဦးရေ ၁ သိန်းဆံ့တဲ့ ကွင်းအသစ်မှာ ဟိုတယ်နဲ့ ဖျော်ဖြေရေးနေရာတွေပါ ထည့်သွင်းတည်ဆောက်ဖို့ စီစဉ်နေတာ ဖြစ်ပါ တယ်။ 

အဲဒါကြောင့် အိုးထရက်ဖို့ဒ်ကွင်းကို ဖြိုချမယ်ဆိုရင် ကွင်းအသစ်အတွက် နေရာလွတ်တွေ ပိုပြီးရရှိနိုင်မှာပါ။ 

ဒါပေမယ့် ယူနိုက်တက်အသင်း ပရိသတ်အများအပြားဟာ သမိုင်းကြောင်း အများအပြားရှိတဲ့ အိုးထရက်ဖို့ဒ်ကွင်း ကို ဖြိုချမယ့် အစီအစဉ်အပေါ် ဆန့်ကျင်တဲ့ တုန့်ပြန်မှုတွေ ရှိခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဒီအခြေအနေတွေကြောင့် အိုးထရက်ဖို့ဒ်ကွင်းကို ဆက်ထိန်းသိမ်းနိုင်မယ့် နည်းလမ်းတွေ ကို ရှာဖွေနေပြီး ပရိသတ်ဝင်ဆံ့တဲ့ ဦးရေကို ၃ သောင်းအထိ လျှော့ချဖို့ စီစဉ်နေတာပါ။ 

ယူနိုက်တက်အသင်းရဲ့ အိုးထရက်ဖို့ဒ်ကိုတွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ ပရိသတ်ဦးရေ လျှော့ချပြီးရင် အမျိုးသမီးအသင်းနဲ့ အကယ်ဒမီအသင်းတွေကို အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားခွင့်ပေးပြီး သူတို့ရဲ့ အိမ်ကွင်းဖြစ်လာစေဖို့ ရှိနေပါတယ်။ 

ဒါဆိုရင် မြူးနစ်ဥမင်လိုဏ်ခေါင်း၊ မြူးနစ်အမှတ်တရတွေ၊ ဆာမတ်စ်ဘတ်စ်ဘီရုပ်တု အပါအဝင် သမိုင်းဝင် အရာတွေဟာ သူတို့လက်ရှိနေရာမှာပဲ ဆက်ပြီးရှိနေသွားမှာပါ။

ယူနိုက်တက်အသင်းဟာ ကွင်းအသစ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ဒီဇင်ဘာမှာ ချမှတ်နိုင်ဖို့ မျှော်လင့်နေပါ တယ်။

ယူနိုက်တက်အသင်းအနေနဲ့ ကွင်းအသစ် မဆောက်ဘဲ အိုးထရက်ဖို့ဒ်ကွင်းကို ပြန်လည်မွမ်းမံ ပြင်ဆင်မယ်ဆိုရင် ပေါင် ၁.၁ ဘီလီယံ ကုန်ကျနိုင်ပြီး ကွင်းအသစ် တည်ဆောက်မယ်ဆိုရင် ပေါင် ၂ ဘီလီယံ ကုန်ကျနိုင်တယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။ 

Source: Metro