CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၈

စပိန်အသင်းခေါင်းဆောင် မိုရာတာနဲ့ ကွင်းလယ်လူ ရိုဒရီတို့ကို ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ရဲ့ အရေးယူမှု အပေါ် ကျေနပ်တယ်လို့ ဂျီဘရော်တာအစိုးရက ထုတ်ပြောလာခဲ့ပါတယ်။ 

စပိန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ခဲ့ပြီးနောက် နိုင်ငံအတွင်း အောင်ပွဲခံ အခမ်းအနား ကျင်းပခဲ့တာမှာ မိုရာတာနဲ့ ရိုဒရီတို့က ဂျီဘရော်တာဟာ စပိန်ဖြစ်တယ်ဆိုပြီး ပရိသတ်တွေအရှေ့မှာ သီဆိုမှု ပြုလုပ်ခဲ့တာပါ။

အဲဒါကြောင့် ဂျီဘရော်တာဘောလုံးအဖွဲ့ချုပ်က UEFA ထံ တရားဝင်တိုင်ကြားမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

UEFA ကလည်း ဒီဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် မိုရာတာနဲ့ ရိုဒရီတို့ကို ၁ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့တာပါ။ 

UEFA က အရေးယူမှု ပြုလုပ်ပြီးနောက်မှာ ဂျီဘရော်တာဝန်ကြီးချုပ် ဖာဘီယန်ပီကာဒိုက “ဥရောပဘောလုံး အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ အားကစားနဲ့ နိုင်ငံရေးကို ရောထွေးနေတဲ့သူတွေ အားလုံးအတွက် ရှင်းလင်းတဲ့ သတင်းစကား ဖြစ်ပါတယ်။ အရေးယူဖို့အတွက် တိုင်ကြားမှုပြုလုပ်ခဲ့တဲ့ ဂျီဘရော်တာ ဘောလုံးအဖွဲ့ချုပ်အတွက် လည်း ဒီဆုံးဖြတ်ချက်ဟာ မျှတမှုရှိပါတယ်”လို့ ပြောခဲ့ပါတယ်။ 

မိုရာတာနဲ့ရိုဒရီကို တွေ့ရစဉ်

မိုရာတာနဲ့ ရိုဒရီတို့ဟာ တစ်ပွဲပယ်ပြစ်ဒဏ်ကြောင့် စက်တင်ဘာထဲမှာ ယှဉ်ပြိုင်မယ့် စပိန်အသင်းရဲ့ UEFA နေးရှင်းလိဂ်ပွဲစဉ်တစ်ပွဲကို ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ 

စပိန်အသင်းဟာ စက်တင်ဘာ ၅ ရက်မှာ ဆားဘီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲကို သူတို့ ၂ ဦး လွဲချော်မှာပါ။ 

စပိန်အသင်းကသာ သူတို့ ၂ ဦးကို ဒီပွဲတွေအတွက် လူစာရင်းမှာ ရွေးချယ်ခံမယ်ဆိုရင် စက်တင်ဘာ ၈ ရက်မှာ ကစားမယ့် ဆွစ်ဇာလန်အသင်းနဲ့ ပွဲစဉ်မှာ ပြန်လည် ပါဝင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ 

Source: besoccer