CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၉

စပိန်အသင်းပရိသတ်တွေရဲ့ ဝေဖန်မှုတွေခံနေရတဲ့ အသင်းခေါင်းဆောင် မိုရာတာက ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးမှာ စပိန်လက်ရွေးစင်အသင်းက အနားယူဖွယ်ရှိတယ်လို့ ပြောလိုက်ပါတယ်။

မိုရာတာက “ဒီပြိုင်ပွဲက စပိန်အသင်းနဲ့အတူ ကျနော့်ရဲ့ နောက်ဆုံးပြိုင်ပွဲ ဖြစ်နိုင်ပါတယ်။ အများကြီး မပြောချင် ပေမယ့် ဖြစ်နိုင်ဖို့ရှိပါတယ်။ ကျနော့်အတွက် စပိန်မှာ ပျော်ရွှင်ဖို့က ခက်ခဲပါတယ်။ စပိန်ပြင်ပမှာ ကျနော် ပိုပြီး ပျော်ရွှင်တယ်ဆိုတာ သံသယယမရှိပါဘူး။ ဒါကို ကျနော် အကြိမ်ကြိမ် ပြောခဲ့တာပါ။ ဘာကြောင့်လဲဆိုရင် လူတွေ က ကျနော့်ကို လေးစားမှုရှိလို့ပါ။ စပိန်မှာတော့ ကျနော့်ကို လေးစားမှုမရှိဘူး”လို့ El Mundo နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

အသက် ၃၁ နှစ်အရွယ်ရှိ မိုရာတာဟာ စပိန်အသင်းကစားခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ ၅ ပွဲမှာ ၄ ပွဲကို ပွဲထွက်လူစာရင်း ပါဝင်ခဲ့ပြီး ခရိုအေးရှားအသင်းနဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် မိုရာတာဟာ စပိန်အသင်းပရိသတ်တွေရဲ့ ဝေဖန်မှုတွေခံနေရတဲ့ အပေါ် နားမလည်နိုင်အောင် ဖြစ်နေတာပါ။ 

စပိန်အသင်းကိုတွေ့ရစဉ်

မိုရာတာဟာ အရင်ကတည်းက စပိန်အသင်း ပရိသတ်တွေနဲ့ ဆက်ဆံရေး အဆင်ပြေမှုမရှိခဲ့ဘဲ ယူရို ၂၀၂၀ ပြိုင်ပွဲ တုန်းကလည်း လှောင်ပြောင်ခံခဲ့ရသလို ပြီးခဲ့တဲ့ မတ်က ဘရာဇီးလ်အသင်းနဲ့ ခြေစမ်းပွဲမှာလည်း လှောင်ပြောင် ခံခဲ့ရတာ ဖြစ်ပါတယ်။

မိုရာတာက “ကျနော်ဟာ အဝါကတ်ထိလို့ ကွင်းဘေးမှာ ငိုနေတယ်ဆိုပြီး လူတွေက ပြောခဲ့ကြပါတယ်။ ဒါဟာ ဘာအဓိပ္ပါယ်မှ မရှိပါဘူး။ အသင်းခေါင်းဆောင် အနေနဲ့ နိုင်ငံအသင်း ဆီမီးဖိုင်နယ်တက်သွားလို့ ကျနော်ငိုကြွေး ခဲ့တာပါ။ နိုင်ငံအသင်းနဲ့ နောက်ဆုံးပွဲဖြစ်လာမယ့် ဒီပြိုင်ပွဲအတွက် ကျနော် အကောင်းဆုံး ကြိုးစားသွားမှာပါ”လို့ ပြောခဲ့တာပါ။

စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေက အသင်းခေါင်းဆောင် မိုရာတာဘက်ကနေ ရပ်တည်ခဲ့ပြီး သူဟာ အသင်းအတွက် ကွင်းအတွင်းရော ကွင်းအပြင်ပါ အကောင်းဆုံး လုပ်ဆောင်ခဲ့လို့ သူ့အပေါ် ဆက်ဆံပုံတွေဟာ မျှတမှုမရှိဘူးလို့ ပြောခဲ့ပါတယ်။

၂၀၁၄ ခုနှစ်ကတည်းက စပိန်အသင်းအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ မိုရာတာဟာ နိုင်ငံအသင်းအတွက် ၇၈ ပွဲ ကစားထားပြီး ၃၆ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ 

Source: besoccer